The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ ဇီဒန်းရဲ့ဂျာစီအင်္ကျီကို ဝတ်ဆင်ထားတဲ့ လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာ

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမား ဇီဒန်းရဲ့ဂျာစီကို ဝတ်ဆင်ထားတဲ့ လီဗာပူးကွင်းလယ်လူမက်အယ်လစ္စတာရဲ့ ဓါတ်ပုံထွက်ပေါ်လာပြီးနောက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားသမားအကြား ချိတ်ဆက်နေတဲ့ သတင်းတွေကို ပိုပြီး အရှိန်တက်စေခဲ့ပါတယ်။

လီဗာပူးအသင်းက မကြာသေးခင်ကပဲ မက်အယ်လစ္စတာရဲ့အသင်းဖော်ဂရာဗန်ဘတ်ချ်ကို စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့ အနာဂတ်မရေမရာဖြစ်နေတဲ့ မက်အယ်လစ္စတာအတွက်တော့ အခုထက်ထိကမ်းလှမ်းမှု တစ်စုံတစ်ရာရှိမနေသေးပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံမက်အယ်လစ္စတာက လီဗာပူးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျော်ပဲ ကျန်ပါတော့တယ်။ နွေရာသီ အပြောင်းအရွှေ့ကာလ နီးကပ်လာတာနဲ့အမျှ စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်အသင်းဆီ သူပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒီအာဂျင်တီးနားလက်ရွေးစင်ကစားသမားက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုလုံးမှာ ဂိုးတွေ သွင်းယူပေးခဲ့လို့ လာလီဂါကလပ်အသင်းရဲ့ စိတ်ဝင်စားမှုရရှိနေတယ်ဆိုတာ အံ့ဩစရာမကောင်းပါဘူး။

အခုလည်း သူက ရီးရဲလ်မက်ဒရစ်ရနာမည်ကျော်ကစားသမားဇီဒန်းရဲ့ အမှတ်တရဂျာစီကို ကိုယ်တိုင်ဝတ်ဆင်ထားတဲ့ဓါတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်လိုက်တာလို့ နွေရာသီအပြောင်းအရွှေ့သတင်းတွေကို မီးလောင်ရာလေပင့်သလို ဖြစ်စေခဲ့ပါတယ်။

ဂရာဗန်ဘတ်ချ်အတွက် စာချုပ်သစ်ရရှိခဲ့ပေမဲ့ သူ့အတွက် စာချုပ်သစ်ကိစ္စဆွေးနွေးမှုမရှိသေးဘူးလို့ မက်အယ်လစ္စတာကိုယ်တိုင် ထုတ်ဖော်ပြောကြားထားလို့ လီဗာပူးပရိသတ်တွေအတွက် ပိုပြီး စိုးရိမ်စရာကောင်းလာပါတယ်။

"အရင်ဆုံးတော့ ဂရာဗန်ဘတ်ချ်အတွက် ဂုဏ်ပြုပါတယ်၊ သူက စာချုပ်သစ်နဲ့ ထိုက်တန်သလို သူ့အတွက်လည်း အရမ်းကောင်းပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ရာသီမှာ သူက အရေးပါတဲ့ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလားရယူဖို့ဆိုတာ လုံးဝမလွယ်ကူပါဘူး။ ဒါကြောင့် သူ့အတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ကျွန်တော့်အကြောင်း ပြောရရင်တော့ စာချုပ်သစ်အတွက် ဆွေးနွေးနေတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလောတကြီးမဖြစ်ပါဘူး၊ ဒါက အရှိတရားပါပဲ" လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာလည်း လီဗာပူးက အသင်းရဲ့အမာခံကစားသမားအာနိုးလ်ကို စပိန်မြေဆီ လက်လွှတ်ခဲ့ရပါသေးတယ်။ လီဗာပူးအသင်းဘက်မှာလည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားတွေကို ရေရှည်အတွက် စာချုပ်ချုပ်ပြီး မထိန်းသိမ်းနိုင်လို့ မက်အယ်လစ္စတာက အသင်းမှထွက်ခွာမယ့် နောက်ထပ်ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်။