ဝုဗ်နဲ့ပွဲစဉ်ရှုံးနိမ့်မှုကို လီဗာပူးအတွက် တစ်ရာသီလုံးစာဖော်ပြချက်အဖြစ် ရည်ညွှန်းလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က အင်္ဂါညပိုင်း၊ အမှတ်ပေးဇယားအောက်ခြေရှိဝုဗ်နဲ့ပွဲစဉ်ရှုံးနိမ့်ခဲ့မှုကို သူ့အသင်းရဲ့အခုရာသီအခြေအနေအတွက် အရှိအတိုင်းဖော်ပြချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှာ ရိုဒရီဂိုဂိုးမက်စ်က ဝုဗ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး နောက်ငါးမိနစ်အကြာမှာ မိုဆာလက်က လီဗာပူးအတွက် ချေပဂိုးပြန်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်အချိန်ပိုမှာ အန်ဒရေက အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "အရင်အတိုင်းပါပဲ၊ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့ အမှတ်တွေရခဲ့တာက တည်ကန်ဘောတွေမှတဆင့် ဂိုးတွေရခဲ့လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ လေးငါးခြောက်ပွဲ၊ ခုနစ်ပွဲလောက်အထိ မပြောင်းလဲသေးတဲ့အချက်ကတော့ ပုံမှန်ကစားကွက်မှတဆင့် ဂိုးရဖို့ တော်တော်လေးရုန်းကန်နေရတာပါပဲ" လို့ ညည်းတွားခဲ့ပါတယ်။ "ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့သလောက် ကျွန်တော်လိုချင်တဲ့ဂိုးတွေ မရခဲ့ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်ထက်တော့ အခွင့်အရေး ပိုရခဲ့ပါတယ်။ နောက်ဆုံးရလဒ်ကတော့ ကျွန်တော်တို့က တစ်ဂိုးပဲသွင်းနိုင်ပြီး သူတို့က နှစ်ဂိုးသွင်းသွားတယ်၊ အချိန်ပိုမှာလည်း ဂိုးထပ်ပေးလိုက်ရတဲ့အတွက် ဒီပွဲက ကျွန်တော်တို့ရဲ့ ဒီရာသီအခြေအနေကို ထပ်ပြီးဖော်ပြလိုက်တာပါပဲ" လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က "ရာသီတစ်ခုလုံးကို ဖော်ပြနေတယ်ဆိုတာက ပြိုင်ဘက်ထက် ဘောလုံးပိုင်ဆိုင်မှု အများကြီးပိုရတယ်၊ ပုံမှန်ကစားကွက်မှတဆင့် အခွင့်အရေးတွေ ပိုဖန်တီးနိုင်တယ်၊ ဒါပေမဲ့ ဂိုးသွင်းဖို့ကျတော့ ခက်ခဲနေတယ်ဆိုတာကို ဆိုလိုရင်းဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ တည်ကန်ဘောတွေမှတဆင့် ဂိုးတွေ အများကြီးရခဲ့တယ်။ ဒီနေ့လည်း တည်ကန်ဘောတွေ အများကြီးရခဲ့ပေမဲ့ ပထမပိုင်းမှာ တည်ကန်ဘောကန်ချက်တွေ အရမ်းညံ့ဖျင်းခဲ့ပါတယ်၊ ကျွန်တော်တို့ရဲ့ ကစားပုံလိုပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးလို့ ထင်ပါတယ်" လို့လည်း အန်းစလော့က ပြောပါတယ်။
လီဗာပူးလ်က လက်ရှိမှာ အမှတ်ပေးဇယားပဉ္စမနေရာမှာ ရှိနေပြီး ထိပ်ဆုံးလေးသင်းစာရင်း၀င်တွေနဲ့ သုံးမှတ်အကွာမှာ ရှိနေပါတယ်။ အန်းစလော့က "အခုလက်ရှိ တိုက်ပွဲဝင်နေရတဲ့အခြေအနေထက် ပိုကောင်းမယ်လို့ မျှော်လင့်ထားခဲ့တာလို့ ဒီရာသီအတွင်းမှာ ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေ ပြောင်းလဲသွားခဲ့ပါတယ်။ ဒါက နောက်ထပ်အလှည့်အပြောင်းတစ်ခုဖြစ်ပြီး ဒီရလဒ်က ကျွန်တော်တို့အတွက် ဘာမှအထောက်အကူမပြုပါဘူး။ တခြားသူကန်လိုက်လို့ လမ်းကြောင်းပြောင်းသွားတဲ့ဘောလုံးမျိုးကိုပဲ အားကိုးမနေချင်ဘူးဆိုရင် ကျွန်တော်တို့ အခုထက်ပိုကောင်းအောင်ကစားဖို့ လိုပါတယ်။ ပွဲကို အနိုင်ရဖို့ အခွင့်အရေးတွေ အလုံအလောက်ရခဲ့ပေမဲ့ ဝုဗ်ကိုလည်း ချီးကျူးရပါမယ်။ သူတို့က ပွဲအစအဆုံးထိ တိုက်ပွဲဝင်ခဲ့ကြသလို ကံကောင်းမှုလေးလည်း အနည်းငယ် ရှိခဲ့ပါတယ်။ သူတို့ ပွဲတစ်လျှောက်လုံးကြိုးစားခဲ့ပုံနဲ့ယှဉ်ကြည့်ရင် ဒီနိုင်ပွဲက သူတို့နဲ့ ထိုက်တန်ပါတယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။