The network connection is lost.

Banner Image

မိုဟာမက်ဆာလက်ရဲ့ နေရာမှာ အစားထိုးဖို့ ဘွန်ဒက်လီဂါက ကစားသမားနှစ်ဦးကို လီဗာပူးလ် မျက်စိကျနေ

လီဗာပူးလ်အသင်းဟာ မိုဟာမက်ဆာလက်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဘွန်ဒက်လီဂါကလပ်တွေမှာ ကစားနေတဲ့ မိုက်ကယ်အိုလီဆေးနဲ့ ယန်ဒီယိုမန်ဒီတို့ကို ခေါ်ယူမယ့် ပစ်မှတ်စာရင်းထဲ ထည့်သွင်းလိုက်ပြီလို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်ကို ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ရဖို့အတွက် လက်ရှိမှာ ရုန်းကန်နေရတာပါ။

ဒါကြောင့်လည်း အီဂျစ်ဂန္ထဝင်တိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ လီဗာပူးလ်ကနေ ထွက်ခွာဖို့ များနေပြီး ဆော်ဒီအာရေးဗီးယားဟာ သူသွားမယ့်နေရာ ဖြစ်လာနိုင်တယ်လို့ သတင်းအများအပြားက ဖော်ပြနေကြပါတယ်။

Sky Sport ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ ဆာလက်မရှိတဲ့ အနာဂတ်အတွက် စတင်ပြင်ဆင်နေပြီး ဘိုင်ယန်မြူးနစ်က အိုလီဆေးနဲ့ လိုက်ပ်ဇစ်က ဒီယိုမန်ဒီတို့ကို သူတို့ရဲ့ ပစ်မှတ်စာရင်းထဲ ထည့်ထားတာပါ။

အဆိုပါ ကစားသမားနှစ်ဦးစလုံးဟာ ပြောင်းရွှေ့ကြေး အတော်လေး ကြီးမြင့်နိုင်သူတွေ ဖြစ်ပေမဲ့ ၂၀၂၅ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ စံချိန်တင် အသုံးစရိတ်တွေ သုံးစွဲခဲ့တဲ့ လီဗာပူးလ်ဟာ အခုလည်း ငွေပုံအောသုံးဖို့ ထပ်မံပြင်ဆင်နေတာ ဖြစ်ပါတယ်။