နာဂယ်စ်မန်းကိုပြန်ခေါ်ဖို့ မတ်ခ်အီဘရယ်လ် ချဉ်းကပ်ခဲ့တယ်လို့ အေးဂျင့်ဖြစ်သူဖွင့်ဟ
ဘိုင်ယန်မြူးနစ်အသင်းအားကစားဒါရိုက်တာမတ်ခ်အီဘရယ်လ်က နာဂယ်စ်မန်းကို နည်းပြရာထူးအတွက် ကမ်းလှမ်းထားပြီး အကြောင်းပြန်တာကို စောင့်ဆိုင်းနေတဲ့အချိန် ရယ်ရွှင်စရာဟာသ GIF လေးတွေ ပို့ခဲ့တယ်လို့ သိရပါတယ်။
ဂျူလီယန်နာဂယ်စ်မန်းရဲ့အေးဂျင့်ဖြစ်သူဗော်ကာစထရုသ်က သူ့ရဲ့ဖောက်သည်ဟာ ရာထူးမှထုတ်ပယ်ခံရပြီး သိပ်မကြာခင်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြန်သွားဖို့ အခွင့်အရေးရှိခဲ့တယ်လို့ ပြောကြားခဲ့သလို အဲဒီအချိန်မှာ မတ်ခ်အီဘရယ်လ်က သူ့ဆီကို စိတ်ဝင်စားစရာပုံစံနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ နည်းပြရာထူးအတွက် နောက်တစ်ကြိမ်ထပ်မံကမ်းလှမ်းမှုအပေါ် အကြောင်းပြန်ဖို့ စောင့်ဆိုင်းနေတဲ့ချိန်အတွင်း ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာက သူ့ဆီကို WhatsApp မှတစ်ဆင့် ကာတွန်း GIF လေးတွေ မကြာခဏပို့နေခဲ့တယ်လို့ စထရုသ်က ရှင်းပြပါတယ်။
"အရာရာကို သေချာစဉ်းစားပြီး ဆုံးဖြတ်ဖို့အတွက် ရက်အနည်းငယ်တော့ အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်အတွင်းမှာ မတ်ခ်က ကျွန်တော့်ဆီကို WhatsApp မှတဆင့် လှုပ်ရှားနေတဲ့ကာတွန်းရုပ်ပုံလေးတွေ ဆက်တိုက်ပို့နေခဲ့ပါတယ်" လို့ ဆိုပါတယ်။
"တွမ်နဲ့ဂျယ်ရီက အခန်းထဲမှာ စိတ်မရှည်သလို ဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ပုံစံမျိုးတွေ၊ နောက်ပြီး တစ်ယောက်ယောက်က ကုလားထိုင်ပေါ်မှာ ထိုင်ပြီး မျက်နှာကြက်ကို ကြည့်ရင်း ပတ်ချာလည် လှည့်နေတဲ့ ပုံစံမျိုးလေးတွေ ပို့လာတာပါ" လို့ စထရုသ်က Sport BILD နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
လက်ရှိဘွန်ဒစ်လီဂါအမှတ်ပေးဇယားဦးဆောင်သူဘိုင်ယန်မြူးနစ်နဲ့ နာဂယ်စ်မန်းတို့ အနာဂတ်မှာ ပြန်လည်လက်တွဲဖြစ်မလားဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိမှာ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ နာဂယ်စ်မန်းပျော်ရွှင်နေပေမဲ့ တစ်နေ့နေ့မှာ ဘိုင်ယန်မြူးနစ်ဆီ ပြန်လာနိုင်ပါတယ်လို့ စထရုသ်က ဆိုပါတယ်။
"ဂျူလီယန်က လက်ရှိမှာ အရမ်းပျော်ရွှင်နေပါတယ်။ သူ့ရဲ့စာချုပ်က ကမ္ဘာ့ဖလားအပြီးအထိ ရှိနေသလို ဘိုင်ယန်မှာလည်း လက်ရှိမှာ နည်းပြကောင်းတစ်ယောက်ရှိနေပြီး အောင်မြင်မှုတွေ ရနေပါတယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ ပြန်မလာဖြစ်ဘူးလို့တော့ သေချာပေါက်မပြောနိုင်ပါဘူး" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။