
လီဗာပူးကိုအနိုင်ရပြီးနောက် အသင်းရဲ့နည်းစနစ်အပေါ် အမြဲတမ်းယုံကြည်ချက်ရှိခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်
တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၁-၂ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူဟာ အသင်းရဲ့နည်းစနစ်အပေါ် အမြဲတမ်းယုံကြည်ချက်ရှိခဲ့ကြောင်းနဲ့ နည်းပြအာမိုရင်ရဲ့ ကစားကွက်အပေါ် ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
အာမိုရင်ရဲ့ ယူနိုက်တက်နည်းပြဘဝအစပိုင်းဟာ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရပြီး ဘက်ပေါင်းစုံကနေ ဖိအားတွေဝင်ရောက်ခဲ့ကာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာရပ်တည်ခဲ့သလို၊ ယခုရာသီအစမှာလည်း ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အာမိုရင်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲပြီး တိုက်စစ်ပိုင်းပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ပေမယ့် ရာသီအစမှာ ရလဒ်ဆိုးတွေနဲ့ကြုံတွေ့ထားခံရတာဖြစ်ပါတယ်။
ယခုအခါမှာတော့ အာမိုရင်ရဲ့ နည်းစနစ်ဟာ တဖြည်းဖြည်းနဲ့ ပိုကောင်းလာခဲ့ပြီး ယူနိုက်တက်အနေနဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးလ်မှာ လီဗာပူးကို ပထမဆုံးအကြိမ်ပြန်လည်အနိုင်ရခဲ့သလို၊ ပေါ်တူဂီသားအနေနဲ့လည်း ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ကို ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်မှာ ၃-၄-၂-၁ ကစားကွက်ကို ပုံဖော်နေတာဖြစ်ပြီး ရလဒ်ဆိုးတွေကြုံတွေ့ထားရတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ထားခဲ့ရပြီဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ အဆိုပါကစားကွက်၊ နည်းစနစ်တွေနဲ့ပဲ နိုင်ပွဲဆက်လာခဲ့လို့ ဖိအားတွေအတန်အသင့်လျော့ပါးသွားခဲ့ပြီဖြစ်ပါတယ်။
ယခုအခါမှာတော့ ဖာနန်ဒက်စ်က "ကျွန်တော်တို့ကစားကွက်က ပြိုင်ဘက်အသင်းကိုအမြဲတမ်း ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် အသင်းကရှုံးနေတဲ့အချိန်မှာ ကစားကွက်ကောင်းကြောင်းပြောလို့မရလို့ အခုလိုအနိုင်ရမှပဲ ပြောရပါတယ်။ ကျွန်တော်တို့ ဒီနည်းစနစ်ကို ယုံကြည်ထားခဲ့ကြပါတယ်။ အသင်းကရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ကစားကွက်ကိုတော့ အလုပ်ဖြစ်မယ်ဆိုတာယုံကြည်ထားပါတယ်။ ဒါကြောင့် ယုံကြည်ထားတဲ့အတိုင်းဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့နိုင်ပွဲတွေရလာမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ တန်ဖိုးမြင့်ဥရောပကြယ်ပွင့်တွေကိုခေါ်ယူထားခဲ့တဲ့ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးကတော့ ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ လီဗာပူးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဖရန့်ဖတ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဥရောပပွဲစဉ်မရှိတဲ့ယူနိုက်တက်ကတော့ သက်တောင့်သက်သာ အနားယူသွားရမှာဖြစ်ပါတယ်။