အာမိုရင်ရဲ့လက်ထက်မှာ ယူနိုက်တက်တဖြည်းဖြည်းပြောင်းလဲလာမယ်လို့ ပြောကြားလိုက်တဲ့ ဘက်ခမ်း
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းက အသင်းဟာ နည်းပြရူဘင်အာမိုရင်ရဲ့လက်ထက်မှာ တိုးတက်မှုတွေရှိလာတာကြောင့် အောင်မြင်မှုလမ်းကြောင်းဆီ တဖြည်းဖြည်းလျှောက်လှမ်းလာနိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။
တနင်္ဂနွေနေ့ညက ခရစ္စတယ်ပဲလေ့စ်ကိုနောက်ကနေလိုက်ကစားပြီး ၁-၂ နဲ့အနိုင်ယူခဲ့ကာ ယူနိုက်တက်ဟာ အောက်တိုဘာလကုန်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည်ရရှိခဲ့ပြီး နည်းပြအာမိုရင်အတွက်လည်း ဖိအားတွေအတန်အသင့်လျော့နည်းစေခဲ့ပါတယ်။
ယခုရာသီအစောပိုင်းမှာ ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့ခဲ့ရတာကြောင့် အာမိုရင်ကို ရာထူးမှထုတ်ပယ်ဖို့တောင်းဆိုခံခဲ့ရပေမယ့် လွန်ခဲ့တဲ့ရက်သတ္တပတ်အချို့မှာပဲ တိုးတက်မှုတွေပြသလာနိုင်ခဲ့ပြီး ပရိသတ်တွေအနေနဲ့ ပေါ်တူဂီသားရဲ့စွမ်းဆောင်ရည်ကို ယုံကြည်လာခဲ့ကြတာဖြစ်ပါတယ်။
ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် အဓိကအာရုံစိုက်နေတဲ့ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ ရမှတ် ၃ မှတ်သာကွာဟနေတာဖြစ်ပါတယ်။
ယခုအခါမှာ ဘက်ခမ်းက "ကျွန်တော်ထင်တာကတော့ ဒီနည်းပြလက်ထက်မှာ ယူနိုက်တက်တဖြည်းဖြည်းပြောင်းလဲလာမယ့် လက္ခဏာရှိပါတယ်။ အခုချိန်မှာ အရင်ကထက်ပိုကောင်းတဲ့ရလဒ်တွေရလာပေမယ့် ဆက်သွားရမယ့်ခရီးကအရှည်ကြီးကျန်နေပါသေးတယ်။ ပြီးတော့ ကျွန်တော်တို့မြင်ချင်တဲ့ကစားပုံနဲ့ မကစားနိုင်ခဲ့တဲ့ပွဲအချို့လည်းရှိခဲ့ပါတယ်"
"အာမိုရင်က အရမ်းတော်တဲ့နည်းပြတစ်ယောက်လို့ကျွန်တော်ထင်ပါတယ်။ သူကအသင်းကို တဖြည်းဖြည်းချင်းပြောင်းလဲပေးနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာရှုံးနိမ့်ခဲ့ပြီး ၄ ပွဲအထိအနိုင်ရထားခဲ့ပါတယ်။ တိုက်စစ်ပိုင်းသာမက တည်ကန်ဘောတွေမှာ တိုးတက်လာတဲ့ယူနိုက်တက်ဟာ ဒီရာသီမှာ တည်ကန်ဘောမှ ၁၀ ဂိုးအထိသွင်းယူထားနိုင်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့တူညီတဲ့အနေအထားကိုရောက်ရှိနေပြီဖြစ်ပါတယ်။
လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းကိုအိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာဧည့်ခံကစားသွားရမှာဖြစ်ပြီး ထိပ်ဆုံး ၄ သင်းနေရာနဲ့ နီးစပ်စေဖို့ ဆက်လက်နိုင်ပွဲဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။