
အမ်ဘွေမိုက ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ကစားသမားဖြစ်ပါ့မလားလို့ သံသယဝင်ခဲ့ဖူးကြောင်း ဝန်ခံလာတဲ့ ရွန်းနီ
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှ နည်းပြရူဘင်အာမိုရင်ခေါ်ယူခဲ့တဲ့ တောင်ပံကစားသမားသစ် ဘရိုင်ယန်အမ်ဘွေမိုဟာ ယူနိုက်တက်နဲ့ထိုက်တန်တဲ့ကစားသမားဖြစ်ပါ့မလားလို့ သံသယဝင်ခဲ့ဖူးကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
အမ်ဘွေမိုဟာ သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ဒုတိယမြောက်ပရီးမီးယားလိဂ်သွင်းဂိုးကို တနင်္ဂနွေနေ့က လီဗာပူးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာသွင်းယူခဲ့ပြီး အာမိုရင်အတွက်ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲစလုံးပါဝင်ကစားပေးခဲ့တဲ့ အမ်ဘွေမိုဟာ စုစုပေါင်း သွင်းဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့တာကြောင့် နွေရာသီမှာ ဥရောပထိပ်သီးကလပ်တွေရဲ့ ချဉ်းကပ်မှုကိုခံခဲ့ရပြီး အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အမ်ဘွေမိုကိုခေါ်ယူဖို့ ပထမကမ်းလှမ်းမှု ၂ ကြိမ်အထိပယ်ချခံခဲ့ရပြီး တတိယအကြိမ်မှ ပေါင် ၇၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အမ်ဘွေမိုအနေနဲ့ ဘရန့်ဖို့ဒ်မှာခြေစွမ်းကောင်းခဲ့သလောက် ယူနိုက်တက်မှာတော့ ခြေစွမ်းပြသနိုင်ပါ့မလားလို့ ကလပ်ဂန္ထဝင်ဝိန်းရွန်းနီအပါအဝင် ဘောလုံးပရိသတ်အတော်များများက သံသယဝင်ခဲ့ကြပါတယ်။ သို့သော်လည်း ကစားသမားကတော့ ယခုရာသီ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ထားပြီး တိုက်စစ်ပိုင်းမှာ အရေးပါတဲ့ကစားသမားအဖြစ် သက်သေပြသနေပြီဖြစ်ပါတယ်။
ယခုအခါမှာ ရွန်းနီက "ကျွန်တော့်အတွက်တော့ သူက ဒီရာသီယူနိုက်တက်မှာ ကြိုးစားသလောက် အကျိုးအမြတ်ပြန်မရတဲ့ကစားသမားတစ်ယောက်လို့မြင်ပါတယ်။ လီဗာပူးနဲ့ပွဲမှာသူသွင်းခဲ့တဲ့ဂိုးက အရမ်းကောင်းပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်က သူဟာ ယူနိုက်တက်နဲ့ထိုက်တန်ပါ့မလားလို့ သံသယဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ သူ့ရဲ့အရည်အသွေးတွေကို ပြသထားနိုင်ပြီး ကျွန်တော်မှားတယ်ဆိုတာ သက်သေပြနေပါပြီ"
"ဒီရာသီ ယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားစာရင်းမှာ သူကပါဝင်နေပါပြီ။ ဒီနိုင်ပွဲက နည်းပြအတွက်လည်း ကြီးမားတဲ့နိုင်ပွဲပါ။ အရင်တုန်းကလည်း ကျွန်တော်လည်း နည်းပြရဲ့နည်းစနစ်နဲ့ ကစားကွက်တွေကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလိုအန်ဖီးလ်မှာ ဒီလိုကစားကွက်နဲ့နိုင်ခဲ့တာက ချီးကျူးစရာပါ။ ဒီလိုလုပ်နိုင်ဖို့မလွယ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
အာမိုရင်အနေနဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက်အနိုင်ရှိမှု ကို ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်လို့ လက်ရှိပုံစံကို အတတ်နိုင်ဆုံးထိန်းသိမ်းသွားဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြက "ဒီပွဲက အရမ်းအရေးကြီးပါတယ်။ ကျွန်တော် မန်ချက်စတာမှာ နိုင်ပွဲတွေအများကြီးမရဖူးပါဘူး။ အခုလို ဆက်တိုက်အနိုင်ရဖို့က တကယ်အရေးကြီးပါတယ်။ ဒီပွဲမှာ အသေးစိတ်အချက်အလက်လေးတွေကအစ ကျွန်တော်တို့အရမ်းကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ လာမယ့်အပတ်မှာလည်း ကျွန်တော်တို့ ဒီပုံစံအတိုင်းဖြစ်ဖို့ ကြိုးစားသွားပါမယ်။ ပရိသတ်တွေအတွက် အရေးပါတဲ့နိုင်ပွဲဖြစ်ခဲ့သလို၊ ကစားသမားတွေအတွက်လည်း အရမ်းအရေးပါတဲ့နိုင်ပွဲပါ" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာလ ၂၅ ရက်နေ့မှာတော့ ယူနိုက်တက်ဟာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။