The network connection is lost.

Banner Image

မိုဆာလက်ကို ပွဲထွက်လူစာရင်းမှ ဖယ်ရှားသွားဖို့ အန်းစလော့ဆီ တောင်းဆိုခဲ့တဲ့ ကာရေဂါ

လီဗာပူးဂန္တဝင်ကာရေဂါက မိုဆာလက်ကို ပွဲထွက်လူစာရင်းမှ ဖယ်ရှားသွားဖို့ နည်းပြအန်းစလော့အတွက် မဖြစ်မနေလိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ကာရေဂါက မိုဆာလက်ရဲ့လက်ရှိစွမ်းဆောင်ရည်ပိုင်းကို အန်းစလော့ရဲ့ပွဲထွက်လူစာရင်းမှာပါဝင်ဖို့ မထိုက်တန်ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ကာရေဂါက “ တဖက်မှာ ဂိုးတွေသွင်းယူနိုင်ခြင်းမရှိသလို အခြားတဖက်မှာလည်း အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်ဆိုရင် မိုဆာလက်ကို ဦးစားပေးထားတဲ့ နည်းဗျူဟာပိုင်းမှတဆင့် ရရှိနိုင်မယ့် အကျိုးရလဒ်ဆိုတာ ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် မိုဆာလက်ကိုယ်တိုင်လည်း မဖြစ်မနေ ပုံစံကောင်းပြရင်ပြ၊ ဒါမှမဟုတ်ရင် အခြားသူကို အခွင့်အရေးပေးရပါလိမ့်မယ်။ ဒါကြောင့်ပဲ ကျွန်တော်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အထူးသဖြင့် အဝေးကွင်းပွဲစဉ်တွေမှာ မိုဆာလက် ပွဲထွက်ခွင့်ရရှိနေမှုကို ကန့်သတ်ဖို့ လိုအပ်နေပြီလို့ ပြောခဲ့တာပါ”လို့ ဆိုပါတယ်။

လီဗာပူးနောက်ခံလူဟောင်းနီကိုးလ်ကလည်း ကာရေဂါရဲ့အဆိုကို သဘောတူလိုက်ပြီး “ မိုဆာလက်ရဲ့အကောင်းဆုံးပုံစံ ပြန်ရရှိအောင် နည်းလမ်းရှာသွားရပါမယ်။ အခုအချိန်အထိ သူ့ကို ပွဲတွေဆက်တိုက်ကစားခွင့်ပေးနေတာ အလုပ်မဖြစ်ပါဘူး။ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာတို့နဲ့ပွဲစဉ်တွေမှာ မိုဆာလက်ဂိုးသွင်းယူနိုင်လို့ ကျွန်တော်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အလုံးစုံသောစွမ်းဆောင်ရည်ပိုင်းက ဒီနှစ်ဂိုးသွင်းယူနိုင်ခြင်းမှလွဲလို့ ဘာမှမပြောင်းလဲပါဘူး။ အခုအချိန်လုပ်နိုင်မယ့်အရာက အရန်ခုံထိုင်ခိုင်းဖို့ပါပဲ။ ထိုင်ပြီးကြည့်လိုက်မယ်ဆိုရင် မတူကွဲပြားတဲ့ရှုထောင့်တစ်ခုကို မြင်တွေ့ရနိုင်ပါတယ်။

နောက်ထပ်ပွဲစဉ်တစ်ခုမှာတော့ သူ့ကိုပြန်ကစားခိုင်းပြီး တုံ့ပြန်မှုတစ်ခုခုရှိမလားဆိုတာ စောင့်ကြည့်ပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ အသင်းက သူ့ကို ဆက်ပြီးသယ်ပိုးပေးထားလို့ မရတော့တဲ့အခြေအနေတစ်ခုဆီ ကံမကောင်းစွာနဲ့ရောက်ရှိသွားလို့ဖြစ်ပါတယ်။ အဲဒီလောက်အထိ ရိုးရှင်းပါတယ်”လို့ ပြောပါတယ်။