
အင်္ဂလန်ဒါဘီရှုံးနိမ့်မှုအတွက် ဆင်ခြေပေးစရာမရှိပါဘူးလို့ ပြောဆိုလိုက်တဲ့ အန်းစလော့
ယမန်နေ့(တနင်္ဂနွေနေ့)၊ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ပြိုင်ပွဲစုံလေးပွဲဆက်ရှုံးနိမ့်မှုအပြီး အန်းစလော့က မန်ချက်စတာယူနိုက်တက်ကို အရေးနိမ့်ခဲ့မှုအတွက် ဆင်ခြေပေးစရာမရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ကြိုးကြာနီတွေက ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံလေးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းအပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်မှုမှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးက မေလဆန်းပိုင်းမှစတင်ကာ သူတို့ကစားခဲ့တဲ့ ပရီမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲအနက် ၈ ပွဲကို ပေးဂိုးနှစ်ဂိုးနဲ့အထက် ခွင့်ပြုပေးခဲ့ရပြီး အခြားပရီးမီးယားလိဂ်ပြိုင်ဘက်တွေထက် ဆိုးရွားတဲ့ခံစစ်ကစားဟန်ကို ပြသနေခဲ့ပါတယ်။ Sky Sports နဲ့တွေ့ဆုံချိန် အန်းစလော့က “ ခံစစ်အားပြုပြီး အဝေးဘောတွေ အဓိကအသုံးပြုတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတာ အမြဲတမ်းလိုလိုခက်ခဲလွန်းပါတယ်။
ပွဲအစတစ်မိနစ်မှာပဲ ကိုယ့်ရဲ့ကစားသမားတစ်ဦးလဲကျနေချိန် ဦးဆောင်ဂိုးပါ ခွင့်ပြုလိုက်ရမယ်ဆိုရင် ပိုပြီးတောင် ခက်ခဲသွားနိုင်ပါသေးတယ်။ ပွဲမတိုင်ခင် ပြိုင်ဘက်က ခံစစ်ပိတ်ဆို့ပြီး အဝေးဘောတွေ အားပြုကစားလိမ့်မယ်လို့ ပြောလာရင်လည်း ကျွန်တော်တို့လုပ်ခဲ့သလိုပဲ အခွင့်အရေးတွေကို တက်နိုင်သမျှ ဖန်တီးသွားရပါလိမ့်မယ်။ ကျွန်တော်တို့အသင်း ရှုံးနိမ့်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့လုပ်ခဲ့တဲ့အရာက ဒါပါပဲ။ ကျွန်တော်တို့တွေ တစ်ဂိုးထက်ပိုသွင်းယူနိုင်မယ့် အခွင့်အရေးတွေ လုံလုံလောက်လောက်ဖန်တီးနိုင်ခဲ့ပြီး တဖက်မှာလည်း နှစ်ဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီနှစ်ဂိုးအနက် တစ်ဂိုးက အလွတ်တည်ကန်ဘော(Set-piece)မှတဆင့် ဖြစ်ပါတယ်။
လေးပွဲလောက်ဆက်တိုက်ရှုံးနိမ့်ပြီးတော့ တစ်ပွဲလောက်ထပ်ရှုံးမယ်ဆိုရင် ခံစားချက်တွေ ပိုမိုပါဝင်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အကြောင်းပြချက်ပေးစရာ မရှိပါဘူး။ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိခဲ့ပြီး အခုထက် ဂိုးပိုသွင်းသင့်သလို အခုထက်လည်း ခံစစ်ကစားပုံ ပိုမိုကောင်းမွန်သင့်တယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ လီဗာပူးက ဂိုးကန်သွင်းချက် ၁၉ ကြိမ်မှ ဂိုးရနိုင်ခြေ(xG) 2.76 အထိရှိခဲ့ပြီး ယူနိုက်တက်ရဲ့ ဂိုးကန်သွင်းချက် ၁၂ ကြိမ်မှ ဂိုးရနိုင်ခြေ(xG) 1.26 ထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အန်းစလော့က “ အမှန်ပါပဲ၊ ပေးလိုက်ရတဲ့နှစ်ဂိုးအပြင် အပိုအခွင့်အရေးတစ်ကြိမ်၊ နှစ်ကြိမ်လောက်ကိုလည်း ကျွန်တော်တို့တွေ ခွင့်ပြုပေးခဲ့ရပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ဆီ ဦးဆောင်ဂိုးပေးထားရချိန်မှာ အပိုစွန့်စားခန်းတွေ ပြုလုပ်ဖို့ အမြဲလိုအပ်ပါတယ်။
ဒါကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ကျွန်တော်တို့က အခွင့်အရေးတစ်ခုကို အလွယ်တကူခွင့်မပြုပေးဘဲ ကျွန်တော်တို့အတွက် ဂိုးသွင်းယူနိုင်ဖို့ စောင့်ဆိုင်းနေရကာ အလွတ်တည်ကန်ဘောတွေကို ကာကွယ်နိုင်ရမယ်လို့ အဓိပ္ပါယ်ထွက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်အပါအဝင် အခုရာသီ၊ အခိုက်အတန့်အချို့လိုပဲ အလွတ်တည်ကန်ဘောတွေမှာ အနုတ်လက္ခဏာဆောင်တဲ့ဟန်ချက်မညီမှုတစ်ခု ရှိနေမယ်ဆိုရင် ဘောလုံးပွဲစဉ်တစ်ခုကို အနိုင်ယူဖို့ဆိုတာ အလွန်ခက်ခဲလို့ အလွတ်တည်ကန်ဘောတစ်ကြိမ်ခွင့်ပေးရချိန် ဒါကိုကိုင်တွယ်နိုင်ဖို့ အလွန်ခက်ခဲပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် မိုဆာလက်ဦးဆောင်တဲ့ လီဗာပူးရဲ့စွမ်းရည်မြင့်တိုက်စစ်ပိုင်းကလည်း အခုဘောလုံးရာသီမှာတော့ တောက်ပဖို့ ပျက်ကွက်နေပါတယ်။
မိုဆာလက်ကိုယ်တိုင်လည်း လီဗာပူးကစားသမားဘဝ၊ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ခုနစ်ပွဲဆက် ပယ်နယ်တီမဟုတ်သောသွင်းဂိုးရရှိဖို့အတွက် ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုတော့ အန်းစလော့ စိတ်မပူပါဘူး။
အန်းစလော့က “ အခုလိုမျိုးပွဲစဉ်ပြီးဆုံးချိန်တိုင်း လူတိုင်းက ကစားသမားတစ်ဦးချင်းစီကို အာရုံစိုက်နေမယ်ဆိုတာ သာမန်အခြေအနေပဲဖြစ်မယ်လို့ ထင်ပါတယ်။ အရင်က ကစားသမားသစ်တွေအကြောင်း ဆွေးနွေးခဲ့ပြီး အခုတော့ မိုဆာလက်ဆီ အလှည့်ကျလာပါပြီ”လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။