The network connection is lost.

Banner Image

အင်္ဂလန်ဒါဘီမတိုင်ခင် ယူနိုက်တက်နောက်ခံလူအတွက် နောက်ဆုံးဝေဖန်မှုတစ်ခုထွက်ပေါ်လာ

လာမယ့်တနင်္ဂနွေနေ့၊ အန်ဖီးလ်မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် သရဲနီဟောင်းပေါလ်ပါကားက လုခ်ရှောရဲ့အပျင်းကြီးမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ပေးဆပ်ရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ပြိုင်ပွဲစုံသုံးပွဲဆက်ရှုံးနိမ့်ထားလို့ နိုင်ပွဲရှာဖွေတော့မဲ့ ကြိုးကြာနီတွေနဲ့ ရူဘင်အာမိုရင်ရဲ့အသင်း ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလောနှစ်တွေအတွင်း ယှဉ်ပြိုင်မှုများအရ မာဆေးဆိုဒ်အနီရောင်တပ်သားတွေကို အနိုင်ယူဖို့ဆိုတာ သရဲနီတွေအတွက် ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာလည်း ယူနိုက်တက်က အံ့အားသင့်ဖွယ်သုံးမှတ်ရရှိမယ့် အဖိုးတန်အခွင့်အရေးတစ်ခုလွဲချော်မှုနဲ့အတူ လီဗာပူးနဲ့ နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အခုပွဲစဉ်အတွက် လီဗာပူးရဲ့တိုက်စစ်ပိုင်းကို တွန်းလှန်နိုင်ဖို့ဆိုတာ အဓိကအချက်ဖြစ်လာနိုင်ပေမဲ့ ပါကားကတော့ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ချိန်တိုင်း စံချိန်မှတ်တမ်းကောင်းတွေရရှိခဲ့ဖူးတဲ့ မိုဆာလက်နဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့် လုခ်ရှောအတွက် စိုးရိမ်ထိတ်လန့်နေပါတယ်။ ပါကားက ဆောက်သမ်တန်နောက်ခံလူဟောင်းကို ဝေဖန်လိုက်ပြီး ကစားသမားရဲ့လက်ရှိလုပ်အားနှုန်းဖြင့် အီဂျစ်စူပါစတားကို ထိန်းချုပ်ဖို့ဆိုတာ အတော်လေးခက်ခဲမယ်လို့ ယုံကြည်နေပါတယ်။

The Devils’ Advocate podcast အစီအစဉ်မှာ ပါကားက “ ယူနိုက်တက်ရဲ့ကစားခဲ့ပြီးသမျှပွဲစဉ်တွေကို ကြည့်လိုက်ရင် ကစားသမားတွေက ပြိုင်ဘက်ရဲ့အရှိန်အဟုန်နဲ့ ခွန်အားအဆင့်အတန်းကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ လီဗာပူးနဲ့ရင်ဆိုင်ရတာ အလွန်ကောင်းပေမဲ့ ပြိုင်ဘက်ကိုထိန်းချုပ်နိုင်လိမ့်မယ်လို့တော့ မထင်ပါဘူး။ အထူးသဖြင့် လုခ်ရှောရှိနေတဲ့ဘယ်ခြမ်းကို အဓိကထားပြီး လီဗာပူးတို့ တိုက်ခိုက်လာပါလိမ့်မယ်။ လုခ်ရှောရဲ့အပျင်းကြီးမှုကို သိရှိထားလို့ မိုဆာလက်က ဘောလုံးရှိနေချိန်မှာရော၊ ဘောလုံးမရှိချိန်မှာပါ သူ့ကို ကျော်ဖြတ်ပြေးလွှားပါလိမ့်မယ်။ လုခ်ရှောအတွက်တော့ အချိန်တိုင်း နောက်မှလိုက်ပြီး အင်္ကျီဆွဲထားဖို့ပဲ ရှိတာပေါ့။ ဒါမှမဟုတ်လည်း အဲ့ဒီလိုအရာမျိုးတွေ အနည်းငယ်လုပ်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။

အတိတ်မှာလည်း လုခ်ရှောက အဓိကပစ်မှတ်ထားဝေဖန်တိုက်ခိုက်မှုကို ခံစားခဲ့ရဖူးပါတယ်။ လုခ်ရှောကို ဝေဖန်ခဲ့တဲ့ နောက်ထပ်သရဲနီဟောင်းရွိုင်ကိန်းက မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ယူနိုက်တက်နောက်ခံလူ အလံဖြူပြခဲ့တယ်လို့ ပျစ်ပျစ်နှစ်နှစ်ပြောဆိုခဲ့ဖူးပါတယ်။ နောက်ခံလူကိုယ်တိုင်လည်း ဝေဖန်မှုအချို့အပေါ် မျှတမှုရှိပါတယ်လို့ ဝန်ခံခဲ့ပါတယ်။