
လီဗာပူးမှာ ဖလော်ရီယန်ဝစ်ဇ် ဘာကြောင့်ရုန်းကန်နေရသလဲဆိုတာ သုံးသပ်ပြောဆိုလာတဲ့ ဒန်နီမာဖီ
နွေရာသီအပြောင်းအရွှေ့အပြီး လီဗာပူးအတွက် အကောင်းဆုံးပုံစံပြသဖို့ ဖလော်ရီယန်ဝစ်ဇ် ရုန်းကန်နေရခြင်းနဲ့ပတ်သက်လို့ ဒန်နီမာဖီက သူယုံကြည်ထားတဲ့အချက်အလက်အချို့ကို အသေးစိတ်ဖော်ပြလာခဲ့ပါတယ်။ လီဗာပူးက အခုနွေရာသီအစောပိုင်းမှာ လေဗာကူဆင်မှ ဖလော်ရီယန်ဝစ်ဇ်ကို ခေါ်ယူဖို့ ပေါင် ၁၁၆ သန်းအထိ သုံးစွဲခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်လ၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အတွင်း အီကီတီကီရဲ့အဖွင့်ဂိုးကို ဖန်တီးပေးပြီးနောက် ဖလော်ရီယန်ဝစ်ဇ်က လီဗာပူးကစားသမားဘဝမှာ သွင်းဂိုး(သို့မဟုတ်)ဂိုးဖန်တီးမှု လုံးဝမရှိခဲ့ပါဘူး။ ဖလော်ရီယန်ဝစ်ဇ်ကို No. 10 Role အပြင် တောင်ပံနေရာတွေမှာပါ အသုံးပြုခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်တဲ့အငြင်းအခုံတွေ တားမနိုင်ဆီးမရထွက်ပေါ်လာခဲ့ပါတယ်။
Wetbasis နဲ့ဆွေးနွေးခန်းမှာ လီဗာပူးကွင်းလယ်လူဟောင်းဒန်နီမာဖီက “ ဖလော်ရီယန်ဝစ်ဇ်အကြောင်း ပြောရမယ်ဆိုရင် သူက အီကီတီကီနဲ့တွဲကစားပြီး သီတင်းပတ်တစ်ခုအကြာမှာပဲ အီဆက်ခ်နဲ့ တွဲကစားနေရပါတယ်။ ညာတောင်ပံနေရာအတွက် အပြောင်းအလဲမရှိပေမဲ့ ဘယ်ခြမ်းမှာတော့ ပြောင်းလဲမှု အနည်းအကျဉ်းရှိပါတယ်။
ဒါ့အပြင် သူ့ဆီမှာ ရောထွေးနေတဲ့ကွင်းလယ်ပိုင်းမိတ်ဖက်တည်ဆောက်မှုတစ်ခုလည်း ရှိနေပါတယ်။ No. 10 Role မှာကစားနေချိန် ကွင်းလယ်ကစားသမားတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ စတင်လုပ်ကိုင်ရပါတယ်။ ဘယ်သူ့က ကိုယ့်ဆီကို ဘောလုံးစောစောစီးစီးပေးနိုင်မလဲ၊ ကိုယ့်အတွက် ဘောလုံးစောစောစီးစီးရရှိဖို့ ဘယ်သူ့ကို အားကိုးရမလဲ စသဖြင့်ပေါ့။ ဖလော်ရီယန်ဝစ်ဇ်အကြောင်းပြောမယ်ဆိုရင် ဒါတွေက ဥပမာတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူက နယူးကာဆယ်လို၊ အာဆင်နယ်လို ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ အံ့အားသင့်ဖွယ် ကလပ်အသင်းနှစ်ခုနဲ့ရင်ဆိုင်ကစားချိန်မှာ အလျှင်အမြန်အသားကျအောင် လုပ်သွားရပါမယ်။ ဒါ့အပြင် ပရိသတ်တွေရဲ့မျှော်လင့်ချက်နဲ့ ဖိအားတွေ၊ မီဒီယာတွေမှရောက်ရှိလာမယ့် ဖိအားတွေနဲ့လည်း အသားကျနေရပါမယ်။ စိုးရိမ်ပူပန်စရာမရှိတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့အတောက်ပဆုံးအခိုက်အတန့်တွေကို လုံလုံလောက်လောက်မြင်တွေ့ခဲ့ပြီးပါပြီ။ သူ့ရဲ့ပင်ကိုယ်အရည်အသွေး၊ ဘောလုံးအမြင်၊ ကျွမ်းကျင်မှုတွေကို ဒီကလပ်အသင်းမှာ ကျွန်တော်တို့အားလုံး မြင်တွေ့နိုင်ပါလိမ့်မယ်။
ကျွန်တော့်အမြင်အရ သူ့အတွက် အကြီးမားဆုံးပြဿနာက ပရီးမီးယားလိဂ်ရဲ့အမြန်နှုန်းနဲ့ လိုက်လျောညီထွေရှိနေရမယ့်ကိစ္စလို့ ထင်ပါတယ်။ ဒါတွေက ပွဲတွေယှဉ်ပြိုင်ကစားရင်းနဲ့ ရောက်ရှိလာပါလိမ့်မယ်။ ကိုယ့်ရဲ့စိတ်ခန္ဓာကိုပဲ အသုံးချသွားရမယ်”လို့ ပြောပါတယ်။ လတ်တလောလီဗာပူးအသင်းလူစာရင်းမှာ ဖလော်ရီယန်ဝစ်ဇ်က အခွင့်အရေးဖန်တီးမှုအများဆုံးကစားသမား ဖြစ်နေပါတယ်။
မာဖီက “ ဒါက နည်းဗျူဟာပိုင်း(သို့မဟုတ်) နေရာယူပုံနဲ့ သက်ဆိုင်တယ်လို့ မထင်ပါဘူး။ သူကိုယ်တိုင်လည်း အရမ်းကောင်းတဲ့အခိုက်အတန့်တွေမှာ သူ့ကိုယ်သူရှာဖွေတွေ့ရှိခဲ့တယ်လို့ ယူဆမိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်မတိုင်ခင်မှာပဲ အချက်အလက်တစ်ခု ထွက်ရှိလာခဲ့ပါတယ်။ ဒါကတော့ ပြိုင်ပွဲစုံမှာ ဖလော်ရီယန်ဝစ်ဇ်ဟာ ဘယ်ကစားသမားထက်မဆို အခွင့်အရေးတွေ ပိုမိုဖန်တီးထားနိုင်တယ်ဆိုတာပါပဲ။ ချဲလ်ဆီးနဲ့ပွဲစဉ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်တောင် ဖလော်ရီယန်ဝစ်ဇ်အတွက်ရော၊ လီဗာပူးအတွက်ပါ အပြုသဘောဆောင်တဲ့ပြောစရာအချက်မျိုးမရှိပေမဲ့ မိုဆာလက်ဆီ သူဖန်တီးပေးခဲ့တဲ့ အခွင့်အလမ်းကတော့ တကယ့်ကိုကောင်းမွန်လွန်းပါတယ်။ မိုဆာလက်အတွက် ဒါမျိုးအခွင့်အရေးဆိုရင် ၁၀ ကြိမ်မှာ ကိုးကြိမ်လောက် ဂိုးသွင်းယူနိုင်ပါတယ်။
ဒီလိုအခွင့်အရေးကိုသာ ဂိုးအဖြစ်ပြောင်းလဲနိုင်မယ်ဆိုရင် လီဗာပူးလည်း နိုင်ပွဲရရှိပြီး ဖလော်ရီယန်ဝစ်ဇ်ရဲ့တောက်ပမှု ကို ကျွန်တော်တို့တွေ ဆွေးနွေးနေရပါလိမ့်မယ်။ အဲဗာတန်နဲ့ပွဲစဉ်မှာလည်း ဖလော်ရီယန်ဝစ်ဇ်ရဲ့အရန်သင့်ဖန်တီးလာမှုကို မိုဆာလက်လွဲချော်ခဲ့ပြီး ဖရင်ပေါင်အတွက် ဖန်တီးပေးမှုကလည်း မိုးပေါ်ထောင်ကန်ရင်း အဆုံးသတ်သွားခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။