
အာဆင်နယ်စတားတစ်ဦးဟာ ရပ်တန့်ဖို့ခက်ခဲခဲ့ကြောင်း မာကိုဆေးလ်ဗား ဝန်ခံပြောကြား
စနေနေ့ညက အာဆင်နယ်ကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက အာဆင်နယ်စတား မာဂယ်ဟေးလ်ကို တည်ကန်ဘောတွေကနေ ရပ်တန့်ဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အာတီတာရဲ့အာဆင်နယ်အသင်းဟာ နောက်ထပ်ကျစ်လစ်တဲ့ခံစစ်စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီး ထရိုဆက်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ရဲ့အဆိုပါဂိုးဟာ ထောင့်ကန်ဘောကနေ ရလာခဲ့တာဖြစ်ပြီး ထရိုဆက်က အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
ဂါဘရီရယ်ရဲ့ဖန်တီးမှုဟာ အာဆင်နယ်ကို ၂၀၂၀ ပြောင်းလာပြီးကတည်းက ၂၀ ဂိုးမြောက်ပါဝင်ပတ်သက်တဲ့ဂိုးလည်းဖြစ်လာခဲ့ပါတယ်။ ဆေးလ်ဗားက ဘရာဇီးသားကို တည်ကန်ဘောတွေကနေ တားဆီးဖို့ဆိုတာ ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ပွဲတစ်ပွဲအရေးနိမ့်ချိန်မှာ အဲ့တာကခင်ဗျားကို စိတ်ပျက်စေပါတယ်။ သူတို့က ထိပ်တန်းအဆင့်မှာရှိနေတဲ့အသင်းပါ။ အာဆင်နယ်ဂိုးမရခင် ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ထက်ပိုကောင်းခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲက မလွယ်ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့အခွင့်အရေးတွေဖန်တီးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဂိုးပေးလိုက်ရပြီးနောက်မှာလည်း ကျွန်တော်တို့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပါတယ်။ ဂါဘရီရယ်က အမြင့်ကြီးခုန်ခဲ့တာပါ။ သူ့ကိုတားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထိန်းချုပ်ဖို့အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ သူပြေးတာကို တားဆီးဖို့ကြိုးစားခဲ့သလို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာလည်း ဆေးလ်ဗားက “အဲ့တာက စိတ်ပျက်စရာပါ။ သူ့ကိုတားဆီးဖို့ဆိုတာ ခက်ခဲပါတယ်။ တည်ကန်ဘောတွေက တစ်ဦးတည်းတင်မဟုတ်ပဲ ၂ ဦး ၊ ၃ ဦးလောက်ရှိနေတာပါ။ သူတို့မှာ အဲ့လိုကစားသမားတွေရှိနေတာက အရမ်းကိုကံကောင်းပါတယ်။ အာဆင်နယ်လိုအသင်းနဲ့ရင်ဆိုင်ရပြီဆိုရင် အခြားအသင်းတွေလည်း ခက်ခဲနိုင်ပါတယ်။
ကျွန်တော်တို့တစ်သင်းတည်း ခက်ခဲတာမဟုတ်ပါဘူး။ သူတို့ဂိုးရတာရဲ့ ၆၀% လောက်က တည်ကန်ဘောတွေကနေပါ။ အဲ့တာက သူတို့စွမ်းဆောင်ရည်ကိုပြသနေတာပါ။ ပွဲတစ်လျှောက်လုံး ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ခဲ့ပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခိုက်အတန့်တစ်ခုကနေ အခုလိုမျိုးပေးလိုက်ရတာကြောင့် စိတ်တော့ပျက်မိပါတယ်”လို့ ဆေးလ်ဗားက ထပ်လောင်းပြောကြားခဲ့ပါတယ်။