အာဆင်နယ်မှာ ချက်ချင်းဆိုသလို ပွဲထွက်ခွင့်ရရှိမယ်လို့ ယုံကြည်နေတဲ့ ဇိုးလစ်
အာဆင်နယ်အသင်းက ထရိုဆက်ကို လက်လွှတ်လိုက်ရပြီးနောက် ဇိုးလစ်ကို ပေါင် ၃၄ သန်းဖြင့် အမြန်ဆုံးခေါ်ယူအစားထိုးခဲ့ပါတယ်။
ဂရိလက်ရွေးစင်ကစားသမားက ဘရုဂျက်အသင်းမှာ နှစ်ရာသီအတွင်း ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပရဲ့အထွန်းတောက်ဆုံးကစားသမားတွေအနက် တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်ကို ဂန်းနားတို့ ငွေပုံအောသုံးစွဲပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အသက် ၂၄ နှစ်အရွယ်ဇိုးလစ်က လက်ရှိပရီးမီးယားလိဂ်ချန်ပီယံတွေဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို အရယူခဲ့ပါတယ်။
ထရိုဆက်ထွက်ခွာမှုရော၊ မာတင်နယ်လီရဲ့ထွက်ခွာဖွယ်ရှိနေမှုကြောင့်ပါ အာဆင်နယ်ရဲ့ဘယ်တောင်ပံနေရာလစ်လပ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ နည်းပြအာတီတာကို ဇိုးလစ်အတွက် အမြန်ဆုံးစာချုပ်ချုပ်ဆိုဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
ဗင်နီစီးယက်စ်ရဲ့အသင်းတွေကတော့ အာဆင်နယ်ကစားသမားသစ်ဇိုးလစ်အပေါ် သက်ရောက်မှုမရှိပါဘူး။ ဇိုးလစ်က ဂျီရိုနာကို အနိုင်ယူခဲ့တဲ့ ရာသီကြိုပွဲစဉ်မှာ အသင်းအတွက် ပွဲဦးထွက်ဂိုးကို သွင်းယူပေးထားနိုင်ပြီး အခုလနှောင်းပိုင်းမှာစတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုလည်း တိုက်ရိုက်ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။
"ကျွန်တော် ဘယ်လိုပိုကောင်းအောင် လုပ်မလဲ၊ အသင်းမှာ အမြန်ဆုံးအသားကျအောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ စဉ်းစားနေပါတယ်။ ရာသီအစကတည်းက အသင်းနဲ့အတူ တိုက်ရိုက်လေ့ကျင့်ခွင့်ရတာ၊ ခြေစမ်းပွဲတွေ ကစားခွင့်ရတာနဲ့ အဲဒီနောက်မှာ တရားဝင်ပွဲစဉ်တွေ ကစားရတယ်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးကောင်းပါပဲ" လို့ ဇိုးလစ်က ဆိုပါတယ်။
"ဒါက စစချင်းမှာတင် တိုက်ရိုက်ပွဲထွက်ကစားနိုင်မယ့် အခွင့်အရေးဖြစ်သလို ကျွန်တော့်ရဲ့အရည်အချင်းတွေနဲ့ အသင်းကို ဘာတွေပေးစွမ်းနိုင်မလဲဆိုတာ ပြသဖို့အတွက် ကျွန်တော့်အပေါ်မှာပဲ မူတည်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသနိုင်မယ်လို့ အပြည့်အ၀ယုံကြည်ထားပါတယ်" လို့ ဇိုးလစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းက လာမယ့်သြဂုတ် ၅ ရက်၊ ဒပ်ဗလင်မြို့ရှိ Aviva Stadium ကွင်းမှာ ရီးရဲလ်ဘက်တစ်အသင်းနဲ့ နောက်ထပ်ရာသီကြိုခြေစမ်းပွဲတစ်ခု ယှဉ်ပြိုင်ကစားသွားပါမယ်။