
လီဗာပူး နောက်ခံလူတွေကို အားနည်းချက်အဖြစ် ပစ်မှတ်ထားခဲ့တဲ့ နည်းပြ အာမိုရင်ရဲ့ နည်းဗျူဟာကို နောက်ခံလူ ဒီလစ်ချ် ဖွင့်ဟလာ
ယူနိုက်တက်နောက်ခံလူ ဒီလစ်ချ်က နည်းပြ ရူဘင်အာမိုရင်ဟာ လီဗာပူးနောက်ခံလူတွေ ကို ပစ်မှတ်ထားဖို့ ညွှန်ကြားခဲ့တာကြောင့် အန်ဖီးလ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးလိဂ်ပွဲစဉ်အနိုင်ရလဒ်ကိုရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မိနစ် ၉၀ကြာ ကစားခဲ့တဲ့ ဒီလစ်ချ်က လီဗာပူးခံစစ်မှာ အားနည်းချက်တွေရှိနေတယ်ဆိုတာကို အသင်းကသိရှိထားခဲ့တယ်လို့ပြောပါတယ်။
ပွဲအပြီး ဒတ်ခ်ျလက်ရွေးစင်ကစားသမားက ViaPlay နဲ့ပြောဆိုရာမှာ "ကျွန်တော်တို့ လီဗာပူးမှာ အားနည်းချက်တွေရှိတယ်ဆိုတာကိုသိခဲ့ပါတယ်။ အဲဒါကတော့ သူတို့ရဲ့နောက်ခံအစွန်လူတွေပါ" လို့ ရှင်းပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ကွန်ဟာ ၊ အမ်ဘွေမို နဲ့ မေဆင်မောင့် တိုက်စစ်သုံးယောက်တွဲဟာ ပွဲတစ်လျှောက်လုံး လီဗာပူးရဲ့ခံစစ်နေရာလွတ်တွေကို အခွင့်ကောင်းယူနိုင်ခဲ့ပါတယ်။ ဒီလစ်ချ်က နည်းဗျူဟာပိုင်းဆိုင်ရာပြင်ဆင်မှုနဲ့ အာမိုရင်လက်အောက်မှာ အသင်းရဲ့ယုံကြည်မှုတွေ တိုးတက်လာတာကို ချီးကျူးခဲ့ပါတယ်။
ဒီလစ်ချ်က"ဒီရာသီမှာ ကျွန်တော်တို့တကယ်ကိုကောင်းကောင်းကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က တခြားပွဲတွေမှာ အခွင့်အရေးတွေဖန်တီးနိုင်ဖို့လိုအပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ အဲဒါကိုချက်ချင်းလုပ်နိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ လီဗာပူးရဲ့ နောက်ခံအစွန်လူနှစ်ဦးဖြစ်တဲ့ ဘရက်ဒလေ နဲ့ မီလော့စ်ကာကက်ဇ် တို့ဟာ ယူနိုက်တက်ရဲ့ အမြန်နှုန်းနဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ရုန်းကန်ခဲ့ရပါတယ်။
နည်းဗျူဟာပိုင်းဆိုင်ရာ စည်းကမ်းနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားတွေရှိတဲ့ ယူနိုက်တက်အသင်းဟာ အန်ဖီးလ်ကွင်းကို တိတ်ဆိတ်သွားစေခဲ့ရုံသာမက အာမိုရင်ရဲ့ဦးဆောင်မှုအောက်မှာ အလှည့်အပြောင်းတစ်ခုဖြစ်လာတယ်ဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။