တော့တင်ဟမ်ရဲ့ပြန်လည်တိုက်ခိုက်မှုမှ သင်ခန်းစာယူသွားရမယ်လို့ ဆိုလိုက်တဲ့ ရိုဒရီ
မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီက တော့တင်ဟမ်နဲ့တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှတဆင့် သင်ခန်းစာယူစရာတွေ ရှိတယ်လို့ ပြောပါတယ်။
တော့တင်ဟမ်ဟော့စပါးကွင်းကြီးမှာကစားခဲ့တဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး မန်စီးတီးက ချာကီ၊ ဆီမန်ညိုတို့ရဲ့ သွင်းဂိုးတွေနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဆိုလန်ကီရဲ့ဒုတိယပိုင်းပွဲချိန်သွင်းဂိုးတွေကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။
မန်စီးတီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ရိုဒရီက “ ဟုတ်ပါတယ်၊ ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ မျှမျှတတပြောရရင် ကျွန်တော်တို့အတွက် အခုထက်ပိုပြီးထိုက်တန်တယ်လို့ ထင်ပါတယ်။
အဆုံးမှာတော့ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဖြစ်ပျက်ခဲ့သလိုပဲ ဒုတိယပိုင်းပွဲချိန်တွေကို ကျွန်တော်တို့ ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒါက အရှိတရားပါ။ ကျွန်တော်တို့ မထိန်းချုပ်နိုင်ခဲ့ပါဘူး။
တော့တင်ဟမ်ရဲ့ဗွေဆော်ဦးချေပဂိုးက ကျွန်တော်တို့အပေါ် အရမ်းထိခိုက်စေခဲ့တယ်လို့ ထင်ပါတယ်။ ဒီလိုအရာတွေမှတဆင့် ကျွန်တော်တို့ သင်ယူသွားရပါမယ်။
ကျွန်တော့်အသင်းအတွက်တော့ အရမ်းဂုဏ်ယူမိပါတယ်။ အခုလိုကွင်းမျိုးဆီ ဘယ်သူ့အကူအညီမှမပါဘဲ လာကစားဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ အသင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ လုပ်ပြခဲ့တဲ့အရာတွေအတွက် အလွန်ဂုဏ်ယူမိပါတယ်။
တိုးတက်ဖို့လိုအပ်တဲ့အရာတွေ တိုးတက်လာဖို့ လိုအပ်ပြီး ရှေ့ဆက်သွားရပါမယ်”လို့ ပြောပါတယ်။