The network connection is lost.

Banner Image

ယူရိုပါလိဂ်ဝင်ခွင့်ရရှိခြင်းကို ဘုန်းမောက်အတွက် ပြီးပြည့်စုံတဲ့အဆုံးသတ်မှုလို့ သတ်မှတ်လိုက်တဲ့ အီရာအိုလာ

ပရီးမီးယားလိဂ်မှာ အဆင့်-၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့လို့ ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့မှုကို ဘုန်းမောက်အတွက် ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခုဖြစ်တယ်လို့ အသင်းမှထွက်ခွာတော့မယ့် နည်းပြအီရာအိုလာက ပြောကြားခဲ့ပြီး အတိတ်ကာလတုန်းက ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယုံကြည်ခဲ့ဖူးတယ်လို့ ဝန်ခံခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ ဘုန်းမောက်ကို စတင်တာဝန်ယူခဲ့ပြီး ရာသီကုန်မှာ အသင်းမှ ထွက်ခွာတော့မယ်လို့ ပြီးခဲ့တဲ့ ဧပြီလအတွင်း ကြေညာခဲ့တဲ့ အသက် ၄၃ နှစ်အရွယ် စပိန်လူမျိုးနည်းပြက အသင်းသမိုင်းတလျှောက် အကောင်းဆုံးပရီးမီးယားလိဂ်ရလဒ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

"ကျွန်တော်က စိတ်ဓာတ်မာကျောသူတစ်ဦးပါ၊ ဒါပေမဲ့ အခုတော့ (ဝမ်းသာလွန်းလို့) မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဒီထက်ပိုပြီးတော့လည်း ဘာမှ မတောင်းဆိုတော့ပါဘူး" လို့ အီရာအိုလာက BBC Sport ကို ပြောပါတယ်။

"ဒီလိုအချိန်မျိုးမှာ ဒီကစားသမားတွေအပြင် ဒီကလပ်အသင်းနဲ့အတူ ရှိနေရတာ ကျွန်တော့်အတွက် ကံကောင်းလွန်းပါတယ်။ ဒါဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ အဆုံးသတ်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၃ နှစ်တာကာလတုန်းက အင်္ဂလန်တတိယတန်းလိဂ်မှာ ကစားခဲ့တဲ့ ဘုန်းမောက်အသင်းက အခုဆိုရင် သူတို့ရဲ့သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပပြိုင်ပွဲကို ပါဝင်ဆင်နွှဲပါတော့မယ်။

ဥရောပဝင်ခွင့်ရဖို့ဆိုတာ အစောပိုင်းမှာ သူမျှော်လင့်ထားတဲ့အရာ မဟုတ်ဘဲ အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲဖို့ကိုပဲ အဓိကအာရုံစိုက်ခဲ့တယ်လို့ အီရာအိုလာက ပြောပါတယ်။

"အသင်းကို စရောက်တုန်းက ဥရောပဝင်ခွင့်ရဖို့အထိ ကျွန်တော် စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး" လို့ သူက ဆိုပါတယ်။

"ကလပ်အသင်းက ကျွန်တော့်ကို ခန့်အပ်ခဲ့တယ်ဆိုတာ ရလဒ်ပိုင်းထက် ကစားဟန်ကို ပြောင်းလဲဖို့၊ ကစားပုံချဉ်းကပ်မှုကို ပြောင်းလဲဖို့၊ ပိုပြီး တိုက်စစ်ဆင်တဲ့၊ ပိုပြီး တက်ကြွတဲ့ ကစားဟန်မျိုးဖြစ်လာဖို့အတွက်ပါ။ ကလပ်အသင်းက ဒီအချက်ကိုပဲ အာရုံစိုက်ခဲ့ပြီး ဒါကြောင့်လည်း ဒီစိတ်ကူးကို ကျွန်တော် သဘောကျခဲ့ပါတယ်"

"ဥရောပဝင်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ကျွန်တော် သိထားခဲ့ပေမဲ့ အသင်းပိုင်ရှင်ကတော့ အစကတည်းက 'ကျွန်တော် ဥရောပဝင်ခွင့် လိုချင်တယ်' လို့ ပြောခဲ့ပါတယ်။ အခုတော့ ဒီသုံးရာသီကို အသင်းပိုင်ရှင်တင်မကဘဲ ပရိသတ်တွေနဲ့ ကစားသမားတွေကိုပါ ပြန်ပေးဆပ်ပြီး အဆုံးသတ်နိုင်ခဲ့မှုက သူတို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်"လို့ အီရာအိုလာက ဆက်ပြောခဲ့ပါတယ်။

ဘုန်းမောက်အသင်းက အခုရာသီ၊ ပရီးမီးယားလိဂ် ၃၈ ပွဲကစားရာမှာ ၁၃ ပွဲ အနိုင်ရရှိပြီး ရမှတ် ၅၇ မှတ်ဖြင့် ရာသီသိမ်းခဲ့ပါတယ်။