The network connection is lost.

Banner Image

ပင်နယ်တီရဖို့အတွက် ဟန်ဆောင်လှဲချပြရဦးမလားဆိုပြီး မေးခွန်းထုတ်လာတဲ့ အီရာအိုလာ

အာဆင်နယ်ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်မျိုးနဲ့ သူ့ရဲ့အသင်း ထိုက်တန်ခဲ့တယ်လို့ လီဗာပူးနည်းပြအီရာအိုလာ ယုံကြည်နေပါတယ်။

လက်ရှိချန်ပီယံအာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူသွားချိန် အီရာအိုလာရဲ့အသင်းက ပွဲကို အသာစီးရယူကစားနိုင်ခဲ့ပေမဲ့ ရရှိတဲ့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

အန်းဖီးလ်ကွင်းမှာ ၁၄ နှစ်တာကာလအတွင်း အာဆင်နယ်ရဲ့ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရယူဖို့အတွက် ကိုင်ဟားဗက်ဇ်က အခုပွဲစဉ်ရဲ့အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲချိန်အတွင်း အီဆက်ခ်ရဲ့ခေါင်းတိုက်သွင်းယူဖို့ကြိုးပမ်းမှုကို တင်ဘာ နောက်မှဆွဲထားခဲ့တဲ့ ဖြစ်ရပ်မှာ လီဗာပူးအတွက် ပင်နယ်တီအခွင့်အရေး ငြင်းဆန်ခံခဲ့ရပါတယ်။

ပွဲစဉ်အပြီး BBC Radio 5 Live နဲ့ တွေ့ဆုံချိန် အီရာအိုလာက ဒီထက်ပိုမိုတဲ့ ရလဒ်မျိုးနဲ့ ထိုက်တန်တယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

အီရာအိုလာက "ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ သေချာပေါက် ဂိုးရဖို့ ထိုက်တန်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဂိုးမပေးရခင် ပွဲချိန်အစောပိုင်း ၁၅ မိနစ်စာ ကစားပုံအတွက် ကျွန်တော်တို့ စိတ်ပျက်မိပေမဲ့ အဲ့ဒီနောက်ပိုင်းကစားပုံကိုတော့ ကျွန်တော် သဘောကျပါတယ်" လို့ ပြောပါတယ်။

"ပိုပြီး ရဲရဲဝံ့ဝံ့နဲ့ ပြင်းပြင်းထန်ထန်ကစားဖို့ နည်းနည်း ပြုပြင်ပြောင်းလဲခဲ့ပြီး သူတို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ သေချာအဆုံးမသတ်နိုင်ခဲ့တဲ့ အခွင့်အရေးတချို့ ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ သူတို့ကလည်း ခံစစ်ပိုင်း အရမ်းကောင်းခဲ့ပါတယ်" လို့ ဆိုပါတယ်။

ပင်နယ်တီမရရှိခဲ့တဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အီရာအိုလာက "ဒါကို အားလုံး မြင်တွေ့ခဲ့ကြပါတယ်။ အင်္ကျီကို ရှင်းရှင်းလင်းလင်း ဆွဲထားခဲ့တာပါ။ အီဆက်ခ်က သူ့အရှေ့မှာပဲ ရှိနေပြီး ဂိုးပေါက်ဆီ ခေါင်းတိုက်ဖို့ လုပ်နေပေမဲ့ အင်္ကျီဆွဲခံထားရလို့ မတိုက်နိုင်ခဲ့ပါဘူး"

"ဒိုင်တွေ ဘာကြောင့် အရေးမယူခဲ့သလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ အီဆက် လဲမကျသွားလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

"ဂက်ပိုရဲ့ဖြစ်ရပ်ကိုတော့ ပင်နယ်တီမဟုတ်ဘူးလို့ ထင်ပေမဲ့ အီဆက်ရဲ့ဖြစ်ရပ်မှာတော့ သူက ဂိုးသမားရှေ့မှာ ဘောလုံးကို ခေါင်းတိုက်ဖို့ ကြိုးစားနေပြီး သူ့အင်္ကျီကို ဆွဲထားခဲ့တာပါ။ ဘာကြောင့် ပင်နယ်တီမပေးခဲ့သလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး"

"ဟန်ဆောင်လဲကျပြမှ ဖြစ်မယ်ထင်တယ်၊ ဟန်ဆောင်မလဲကျရင် သူတို့က ပင်နယ်တီ မပေးပါဘူး" လို့ ဆိုပါတယ်။

အရှိန်အဟုန်ကောင်းကောင်းဖြင့် လမ်းကြောင်းမှန်ဆီ ရောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းအပေါ် သူက "ငါးပွဲဆက် အနိုင်ရထားပြီးမှ ရှုံးနိမ့်ခဲ့လို့ ဒီလိုပြောဖို့ ခက်ခဲပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် အရေးကြီးခဲ့လို့ စိတ်ပျက်မိပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။