The network connection is lost.

Banner Image

အပြောင်းအရွှေ့ရာသီအတွက် ဟားလ်စီးတီးပြင်ဆင်လာချိန် ဆန်းဒါးလန်းအသင်းနဲ့ ခိုင်းနှိုင်းပြောဆိုလိုက်တဲ့ ဂျာကီရိုဗစ်

ပြီးခဲ့တဲ့စနေနေ့၊ ဝင်ဘာလေကွင်းပွဲစဉ်မှာ မစ်ဒယ်ဘရော့ကို ၁-၀ ဂိုးဖြင့် အနိုင်ယူပြီးနောက် ဟားလ်စီးတီးအသင်းက ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည်တက်လှမ်းလာခဲ့ပါပြီ။

အိုလီမက်ဘာနီရဲ့ ပွဲပြီးခါနီးနာကျင်အချိန်ပိုအနိုင်ဂိုးကြောင့် ဝင်ဘာလေကွင်းအရှေ့ဘက်ခြမ်းပွဲကြည့်စင်မှာရှိနေတဲ့ ပရိသတ်တွေ အုန်းအုန်းကျွက်ကျွက်ဖြစ်သွားခဲ့ပါတယ်။ ဒါက မက်ဘာနီအတွက် အခုရာသီ၊ ၁၉ ဂိုးမြောက်ဖြစ်သလို ဟားလ်စီးတီးအတွက်လည်း ချိုမြိန်တဲ့အောင်ပွဲဆီ ရောက်ရှိစေမယ့် လမ်းစတစ်ခု ဖြစ်ခဲ့ပါတယ်။

ဂျာကီရိုဗစ်ရဲ့အသင်းက အပြောင်းအရွှေ့စျေးကွက် နှစ်ကြိမ်တိုင် ပိတ်ပင်ခံထားလို့ အငှားကစားသမားတွေအပြင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသူတွေအပေါ် မှီခိုကာ ပရီးမီးယားလိဂ်ဆီ အောင်အောင်မြင်မြင် ရောက်ရှိလာခဲ့ပါတယ်။

အခုဆိုရင် အရှေ့ယော့ခ်ရှိုင်းယားဒေသဆီ အဆင့်မြင့်ဘောလုံးလောက ပြန်လည်ရောက်ရှိလာလို့ ဂျာကီရိုဗစ်အတွက် ရာသီသစ်မှာအသုံးပြုဖို့ အပြောင်းအရွှေ့စရိတ် အများအပြား ရရှိပါတော့မယ်။

အလွန်အရေးကြီးတဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွက် အစီအစဉ်တွေ စဆွဲနေတဲ့ ဘော့စနီးယားလူမျိုးနည်းပြဂျာကီရိုဗစ်က အောင်မြင်တဲ့ လူသစ်စုဆောင်းမှုတွေကြောင့် ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တဲ့ ဆန်းဒါးလန်းအသင်းရဲ့အောင်မြင်မှုကို စံနမူနာတစ်ခုအဖြစ် အသုံးချသွားဖို့ ဆန္ဒရှိနေပါတယ်။

"ကျွန်တော်တို့ဆီမှာ အသုံးစရိတ်ကောင်းကောင်းရှိပါတယ်၊ အခြေအနေကို စောင့်ကြည့်သွားရပါမယ်" လို့ ဂျာကီရိုဗစ်က Hull Live ကို ပြောပါတယ်။ "လူသစ်စုဆောင်းရေးအဖွဲ့အတွက်တော့ ရှေ့မှာ အလုပ်များမယ့်ရက်တွေ အများကြီးရှိနေပါတယ်။ အသင်းပိုင်ရှင်နဲ့ ကျွန်တော့်အကြားမှာ ဆက်ဆံရေးကောင်းမွန်သလို သူကလည်း ကျွန်တော့်ကို ယုံကြည်ပြီး အားပေးပါတယ်။ အခုလိုမျိုး ထောက်ခံအားပေးမှုရှိရင် ရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်ပါတယ်။"

"လက်ရှိရှိနေတဲ့ ကစားသမားတွေထက် ပိုကောင်းတဲ့သူတွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားပါမယ်။ အသင်းကို ပရီးမီးယားလိဂ်ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အဓိကကစားသမားတွေကတော့ ဆက်ရှိနေပြီး ကျွန်တော်တို့ကို ကူညီပေးသွားပါလိမ့်မယ်။ ဒါပေမဲ့ ပိုကောင်းတဲကစားသမားသစ်တွေလည်း ထပ်ဖြည့်ဖို့ လိုပါတယ်။ ဆန်းဒါးလန်းအသင်းကတော့ စံနမူနာကောင်းတစ်ခုပါပဲ၊ သူတို့က မြန်နှုန်းမြင့်ပြီး တက်ကြွတဲ့ ကစားသမားတွေကို ထပ်မံဖြည့်တင်းခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဟားစီးတီးအသင်းအတွက် လာမယ့်ရာသီမှာ တန်းမဆင်းရဖို့ စိန်ခေါ်မှုကြီးမားနေပေမဲ့ ကစားသမားသစ်တွေ အင်တိုက်အားတိုက်ဖြည့်တင်းနိုင်မယ်ဆိုရင် ဘာမဆိုဖြစ်လာနိုင်ပါတယ်။