ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ချဲလ်ဆီးမှထွက်ခွာမယ့် အရိပ်အယောင်တွေ ပြသလာတဲ့ အန်ဇိုဖာနန်ဒက်ဇ်
အလင်းရောင်ကွင်းကြီးမှာ ဆန်းဒါးလန်းကို ချဲလ်ဆီးတို့ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို အန်ဇိုဖာနန်ဒက်ဇ်က သူ့ရဲ့အပြာရောင်တပ်သားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ကစားသွားတာမျိုး ဖြစ်နိုင်ပါတယ်။
ချဲလ်ဆီးအတွက် ဥရောပဝင်ခွင့်မျှော်လင့်ချက်အနည်းငယ်အတွက် အခုပွဲစဉ်မှာ အနိုင်ရလဒ်ဖော်ဆောင်ဖို့ မဖြစ်မနေလိုအပ်ခဲ့ပေမဲ့ အရှုံးရလဒ်နဲ့သာ ရင်ဆိုင်ရကာ အမှတ်ပေးဇယားအဆင့်-၁၀ နေရာနဲ့ စိတ်ပျက်စရာကောင်းလောက်အောင် ရာသီသိမ်းခဲ့ပါတယ်။
ပိုပြီးဆိုးတဲ့အချက်တစ်ခုကတော့ ပွဲကစားချိန်အပြီး ချဲလ်ဆီးပရိသတ်တွေဆီ "နှုတ်ဆက်ခြင်း" လို့ အဓိပ္ပာယ်ယူလို့ရတဲ့ အမူအရာတစ်ခုကို အန်ဇိုဖာနန်ဒက်ဇ် လုပ်ပြခဲ့တာပဲ ဖြစ်ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ကစားသမားက သူသွားချင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို အန်ဇိုမာရက်စ်ကာ ရောက်ရှိလာတော့မယ့် မန်စီးတီးအသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြန်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က ဒီရာသီ၊ ပြိုင်ပွဲစုံမှာ ၁၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားပြီး ချဲလ်ဆီးရဲ့ အရေးအကြီးဆုံးကစားသမားအဖြစ် ယူဆနိုင်လို့ နည်းပြဇာဘီအလွန်ဆိုကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်မယ်ဆိုတာ သေချာပါတယ်။