တော့တင်ဟမ်ရဲ့ အရှက်ရဖွယ်တန်းဆင်းဇုန်တိုက်ပွဲအပေါ် ဗန်ဒီဗန် ဒေါသထွက်နေ
ပရီးမီးယားလိဂ်ဘောလုံးရာသီအဆုံးသတ်ချိန်၊ တန်းဆင်းရမယ့်အန္တရာယ်မှ လက်မတင်လေးလွတ်မြောက်ခဲ့ပေမဲ့ တော့တင်ဟမ်အသင်းရဲ့အခုရာသီခြေစွမ်းပိုင်းကို ရှက်စရာကောင်းတယ်လို့ ဗန်ဒီဗန်က ဝန်ခံပြောကြားလိုက်ပါတယ်။
ရာသီနှောင်းပိုင်းကာလမှာ အသင်းဆီရောက်ရှိလာတဲ့ နည်းပြဒီဇာဘီရဲ့ဦးဆောင်မှုနဲ့အတူ လန်ဒန်အခြေစိုက်ကလပ်အသင်းက အဲဗာတန်ကို ၁-၀ ဂိုးဖြင့် အနို်ငရရှိကာ တန်းတင်ကျန်ရစ်ခဲ့ပါတယ်။
တော့တင်ဟမ်က ဒီဇာဘီလက်အောက် ရလဒ်တွေ အံ့အားသင့်ဖွယ်ပြန်မကောင်းလာချိန်အထိ ပရီးမီးယားလိဂ် ၃၁ ပွဲကစားရာမှာ ၇ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။
BBC ရဲ့ Match of the Day အစီအစဉ်နဲ့တွေ့ဆုံရာမှာ နယ်သာလန်လက်ရွေးစင်ကစားသမားဗန်ဒီဗန်က အရည်အချင်းရှိကစားသမားတွေ စုဖွဲ့ထားတဲ့ အသင်းတစ်ခုအတွက် ရာသီကုန်အထိ တန်းမဆင်းရဖို့ ရုန်းကန်ခဲ့ရမှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
“ရာသီပိတ်ပွဲစဉ်အထိ တန်းမဆင်းရဖို့ ကစားနေရတယ်ဆိုတာ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီကလပ်မှာ အံ့ဩဖို့ကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ နောက်ဆုံးပွဲစဉ်အထိ ဒီလိုအခြေအနေမျိုး ဖြစ်အောင် လုပ်ခဲ့မိတယ်ဆိုတာ ရှက်ဖို့ကောင်းပေမဲ့ ကျွန်တော်တို့ တန်းတင်နိုင်ခဲ့ပါပြီ၊ ဒါကပဲ အရေးကြီးဆုံးအချက်ပါ” လို့ ၎င်းက ဆိုပါတယ်။
“ပွဲပြီးဆုံးသွားပြီလို့သိလိုက်ရချိန် ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားခဲ့ပါတယ်။ ကိုယ့်အတွက်လည်း ဒီရာသီက တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ပွဲတိုင်းနီးပါး ပါဝင်ကစားခဲ့ရပြီး အများကြီးလည်း ပင်ပန်းခဲ့ပါတယ်။ အခုတော့ တန်းတင်နိုင်ခဲ့လို့ အရမ်းဝမ်းသာရသလို နောက်နောင်မှာ ဒီလိုမျိုး ထပ်မဖြစ်အောင်လည်း တားဆီးရပါလိမ့်မယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။