မန်စီးတီးမှထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မျက်ရည်တွေနဲ့အတူ ဝန်ခံလိုက်တဲ့ ပက်ဂွါဒီယိုလာ
အက်စတွန်ဗီလာကိုအရေးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာရဲ့ဆယ်စုနှစ်တစ်ခုကြာ မန်စီးတီးနည်းပြဘ၀ခရီးလမ်းက စိတ်လှုပ်ရှားစရာတွေနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ သူက အရမ်းပင်ပန်းနေပြီလို့ ဝန်ခံခဲ့သလို မျက်ရည်တွေလည်း ကျနေခဲ့ပါတယ်။
မန်စီးတီးရဲ့ သမိုင်းဝင်ကာလတစ်လျှောက် ဆုဖလားအောင်ပွဲ ၂၀ ကြိမ်အထိ ဆွတ်ခူးပေးခဲ့တဲ့ စပိန်လူမျိုးနည်းပြကြီးက အသင်းမှအခုလိုထွက်ခွာမှုနဲ့ပတ်သက်လို့ သူ့အတွက်ရော၊ ကစားသမားတွေအတွက်ပါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပွဲစဉ်အပြီး ပက်ဂွါဒီယိုလာကိုယ်တိုင် စိတ်လှုပ်ရှားမှုကို မထိန်းသိမ်းနိုင်ဘဲ အသင်းကစားသမားတွေကို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့သလို အသင်းမှာကာလရှည်ရှိနေခဲ့တဲ့ ဘာနာဒိုဆေးလ်ဗား၊ ဂျွန်စတုန်းစ်တို့လို ကစားသမားတွေကလည်း အတူတကွနှုတ်ဆက်ခဲ့ကြပါတယ်။
"ကျွန်တော် အရမ်းပင်ပန်းနေပါပြီ။ တကယ်ကို ပင်ပန်းနေတာပါ။ ကျွန်တော် လုပ်နိုင်သမျှ အကုန်လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အောင်မြင်မှုတွေ ရခဲ့တယ်။ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်မှာ ရခဲ့တဲ့ အမှတ်တရတွေက ယှဉ်လို့မရအောင် ကောင်းပေမဲ့ ဒီမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကတော့ တခြားဘယ်အရာထက်မဆို ပိုပြီး အဓိပ္ပာယ်ရှိပါတယ်" လို့ ပက်ဂွါဒီယိုလာက ဆိုပါတယ်။
"ဒီလိုထွက်ခွာဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အချိန်အတော်ကြာတဲ့အထိ ဘောလုံးလောကကို လွမ်းနေဖို့ မရှိတာတော့ သေချာပါတယ်။ အခုဆုံးဖြတ်ချက်က အသင်းနဲ့ ကစားသမားတွေအတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျွန်တော်လေးလေးနက်နက် ခံစားရပါတယ်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးပြီး နားလည်ပေးခဲ့တဲ့အသင်းကိုလည်း ကျေးဇူးတင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ပက်ဂွါဒီယိုလာက ၂၀၁၆ ခုနှစ်၊ အီတီဟတ်ကွင်းဆီ စတင်ရောက်ရှိလာပြီးနောက် အသင်းကို ၅၉၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၄၂၃ ပွဲနိုင်၊ ၇၇ ပွဲသရေနဲ့ ၉၃ ပွဲ ရှုံးနိမ့်တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။