ဝက်စ်ဟမ်း တန်းဆင်းသွားသော်လည်း ၁၁ နှစ်ကြာ ပရီးမီးယားလိဂ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည့် ဂျာရော့ဘိုဝမ်
ဝက်စ်ဟမ်းအသင်း ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရပေမဲ့ ဂျာရော့ဘိုဝမ်ကတော့ ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။
ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းက လိဒ်စ်ယူနိုက်တက်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဘိုဝင်က ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ တော့တင်ဟမ်ဟော့စပါးက အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရသွားတာကြောင့် ဝက်စ်ဟမ်းဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းကို ပြန်လည်တန်းဆင်းသွားခဲ့ရတာပါ။
ဝက်စ်ဟမ်းဟာ ၁၄ နှစ်အကြာမှာ ချန်ပီယံရှစ်ဆီ ဝမ်းနည်းစရာကောင်းလောက်အောင် ပြန်လည်ရောက်ရှိသွားခဲ့ရပြီး အခုလို တန်းဆင်းသွားတာကြောင့် ဘိုဝင်အပါအဝင် သူတို့ရဲ့ အဓိကကြယ်ပွင့်ကစားသမားအချို့ကိုလည်း လက်လွှတ်ရဖို့ ရှိနေပါတယ်။
အသက် ၂၉ နှစ်အရွယ် ဘိုဝမ်ကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး၊ မန်ယူနိုက်တက်နဲ့ လီဗာပူးစတဲ့ အသင်းကြီးတွေက စိတ်ဝင်စားနေကြပါတယ်။ အခုလို ထိပ်တန်းလိဂ်စံချိန်သစ်တစ်ခုကို ချိုးဖျက်ပြနိုင်ခဲ့ပြီးနောက်မှာတော့ အဆိုပါအသင်းတွေဟာ သူ့ကိုခေါ်ယူဖို့ ပိုပြီးတော့တောင် စိတ်အားထက်သန်လာကြမှာ သေချာပါတယ်။
လိဒ်စ်နဲ့ပွဲမှာ ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှုပါ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဘိုဝင်ဟာ ၂၀၁၄-၁၅ ရာသီက ကျူပီအာ (QPR) အသင်းမှာ ချာလီအော်စတင် စံချိန်တင်ခဲ့ပြီးနောက်ပိုင်း တန်းဆင်းသွားတဲ့အသင်းတစ်သင်းအတွက် ဂိုးပါဝင်ပတ်သက်မှု (၂၀) ကြိမ်အထိ ပြုလုပ်နိုင်တဲ့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။