The network connection is lost.

Banner Image

အင်္ဂလန်မှာ ဒုတိယဖခင်လိုဖြစ်နေတဲ့ ဒီဇာဘီကြောင့် တော့တင်ဟမ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မာသီးယက်စ်ဖာနန်ဒက်စ်

တော့တင်ဟမ်အသင်းက ဝက်စ်ဟမ်းကွင်းလယ်ကစားသမား မာသီးယက်စ်ဖာနန်ဒက်စ်ကို ပေါင် ၈၅ သန်းဖြင့် ခေါ်ယူလိုက်ပါပြီ။ ဒီအပြောင်းအရွှေ့ဖြစ်မြောက်လာဖို့အတွက် နည်းပြဒီဇာဘီနဲ့ ဆွေးနွေးမှုတွေက အများကြီးကူညီပေးခဲ့ပါတယ်။

လတ်တလောမှာ ဖာနန်ဒက်စ်က ဒဏ်ရာအနည်းငယ်ကြောင့် သောကြာနေ့၊ Accor Stadium မှာပြုလုပ်တဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ကို မပါဝင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ လာမယ့်သီတင်းပတ်၊ လန်ဒန်ဆီ ပြန်ရောက်ရှိချိန် သူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီကွင်းလယ်လူကို ဝက်စ်ဟမ်းအသင်းတန်းဆင်းသွားရချိန် မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုမပြုလုပ်ခင် တော့တင်ဟမ်က ကြားဖြတ်ခေါ်ယူခဲ့ပါတယ်။

ဒီဇာဘီကိုယ်တိုင်လည်း တော့တင်ဟမ်အသင်းရဲ့ကွင်းလယ်ပိုင်းကို နည်းစနစ်ပိုင်းအားကောင်းတဲ့ လူငယ်ကစားသမားတွေနဲ့ ပြန်လည်တည်ဆောက်ချင်နေပြီး ဖာနန်ဒက်စ်မှာ လိုအပ်တဲ့အရည်အသွေးတွေ အံဝင်ခွင်ကျရှိနေပါတယ်။

The Athletic နဲ့ အင်တာဗျူးမှာတော့ ဖာနန်ဒက်စ်က အီတလီလူမျိုးနည်းပြဒီဇာဘီနဲ့ စကားပြောဖြစ်ခဲ့မှုကြောင့် မြောက်လန်ဒန်ဆီပြောင်းရွှေ့မယ့် သူ့ရဲ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာလာခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ကျွန်တော်နဲ့ရော၊ ကျွန်တော့်မိသားစုနဲ့ပါ ဒီဇာဘီစကားပြောတဲ့ပုံစံက ကျွန်တော့်အတွက် တကယ်ကို အရေးကြီးပါတယ်။ သူက ကျွန်တော့်ဆီကို နေ့တိုင်း ဖုန်းဆက်ခဲ့လို့ သူနဲ့အတူ တွဲလုပ်ရမယ့်ကိစ္စကို တကယ်ဝမ်းသာပါတယ်။ အသင်းအတွက်လည်း ကောင်းမွန်တဲ့အရာတွေ လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။

"ကျွန်တော့်အဖေနဲ့အမေက အင်္ဂလိပ်စကားသိပ်မပြောတတ်တော့ အဓိကကတော့ ရင်းနှီးမှု တည်ဆောက်နိုင်ခဲ့တာပါပဲ။ ခံစားချက်ချင်း နီးစပ်သွားတာပေါ့။ သူက ကျွန်တော့်ကို ဂရုစိုက်ပေးသွားဖို့ရှိသလို အင်္ဂလန်မှာ ကျွန်တော့်ရဲ့ ဒုတိယဖခင် ဖြစ်ပေးမယ်လို့လည်း ပြောခဲ့ပါတယ်။ သူနဲ့အတူ အလုပ်တွဲလုပ်ရမယ့်ကိစ္စအတွက် တကယ်ဝမ်းသာမိပါတယ်" လို့ ဖာနန်ဒက်စ်က ဆက်ပြောပါတယ်။

ပတ်ဒရိုပေါ်ရိုကလည်း ဒီအပြောင်းအရွှေ့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှတဆင့် ပါဝင်ခဲ့တယ်လို့ ဖာနန်ဒက်စ်က ဆိုပါတယ်။ "ကဲ မားသီးယက်စ်ဖာနန်ဒက်စ်ရေ... မင်း ငါတို့နဲ့အတူ လာကစားရမယ်၊ မင်းကို ငါတို့ လိုချင်တယ်" လို့ ပေါ်ရိုက ပြောခဲ့သလို "မင်းကို ခေါ်ဖို့ နည်းပြဆီ ပြောခဲ့တာလည်း ငါပဲ" လို့ ရှင်းပြခဲ့ကြောင်း သူက ပြန်ပြောပြခဲ့ပါတယ်။

ဖာနန်ဒက်စ်က လာမယ့်ဘောလုံးရာသီ၊ တော့တင်ဟမ်အသင်းကွင်းလယ်ပိုင်းမှာ တိုနာလီနဲ့ တွဲဖက်ကစားသွားရဖို့ ရှိနေပြီး ဒီဇာဘီရဲ့လက်အောက်မှာ တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။