ချဲလ်ဆီးကြယ်ပွင့်ကို မန်စီးတီးဆီခေါ်ယူဖို့ မာရက်စ်ကာ စိတ်ဝင်စားနေ
အန်ဇိုဖာနန်ဒက်စ်က ဒီနွေရာသီမှာ ချဲလ်ဆီးမှ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ ရည်ရွယ်ထားပြီး အသင်းပြောင်းဖို့ အခြေအနေလည်း ရှိနေပါတယ်။
ဒီအာဂျင်တီးနား လက်ရွေးစင်ကစားသမားက လန်ဒန်ကလပ်နဲ့ ၂၀၃၂ ခုနှစ်၊ နွေရာသီအထိ စာချုပ်သက်တမ်း ရှိနေပေမဲ့ နည်းပြဟောင်းရိုဆင်နီယာလက်ထက်၊ အငြင်းပွားစရာကိစ္စရပ်အချို့ရဲ့ ဗဟိုချက်မဖြစ်ခဲ့ပြီးနောက် ဒီနွေရာသီမှာပဲ ချဲလ်ဆီးမှ ထွက်ခွာသွားနိုင်ပါတယ်။
အန်ဇိုဖာနန်ဒက်ဇ်က နည်းပြမာရက်စ်ကာလက်အောက် ၇၉ ပွဲ ကစားခဲ့ရာ ၁၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့အပေါ် ယုံကြည်မှုပေးခဲ့တဲ့ အီတာလျံလူမျိုးနည်းပြကို သစ္စာစောင့်သိသူတစ်ဦးလို့လည်း သိရပါတယ်။
မာရက်စ်ကာကိုယ်တိုင်လည်း မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့နေရာမှာ အစားထိုးဖို့ရှိနေလို့ ရာသီကုန်၊ ဘာနာဒိုဆေးလ်ဗားထွက်ခွာသွားမယ့် ကွင်းလယ်ပိုင်းအတွက် အန်ဇိုဖာနန်ဒက်ဇ်ကို ဗွေဆော်ဦးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံးနဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးအဖြစ် နှစ်အတော်ကြာရပ်တည်ခဲ့ပေမဲ့ နည်းပြရိုဆင်နီယာနဲ့ အခုယာယီနည်းပြမက်ဖာလိန်းတို့ လက်ထက်မှာ သူ့ရဲ့အခန်းကဏ္ဍ မှေးမှိန်လာခဲ့ပါတယ်။
နည်းပြသစ်အဖြစ်ရောက်ရှိလာမယ့် အလွန်ဆိုမှာ အန်ဇိုဖာနန်ဒက်ဇ်နဲ့ပတ်သက်လို့ ဘယ်လိုအစီအစဉ်တွေ ရှိမလဲဆိုတာ မသိရသေးပေမဲ့ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာတော့ အလွန်ဆိုရဲ့လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီကွင်းလယ်ဖန်တီးရှင်ကို ရောင်းချမလား၊ မရောင်းဘူးလားဆိုတာ နည်းပြသစ်အပေါ်မှာပဲ မူတည်နေပါတယ်။
The Independent သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးက အန်ဇိုဖာနန်ဒက်ဇ်အတွက် သုံးစွဲခဲ့ရတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကျော်ကို ပြန်လည်ရရှိဖို့ မလွယ်ကူလို့ အပြောင်းအရွှေ့ဖြစ်မြောက်ချင်ရင် မန်စီးတီးက အန်ဇိုဖာနန်ဒက်ဇ်အတွက် ဘတ်ဂျက်ပမာဏ အများအပြားသုံးစွဲရနိုင်တယ်လို့ သိရပါတယ်။