The network connection is lost.

Banner Image

ဝက်စ်ဟမ်းအသင်းတန်းဆင်းရပြီးနောက် တောင်းပန်စကားဆိုလာတဲ့ နူနိုဆန်းတို့စ်

ဝက်စ်ဟမ်းအသင်းနည်းပြနူနိုဆန်းတို့စ်က ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လိဒ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားရမှုအပေါ် သူ့ရဲ့ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။

လန်ဒန်ကွင်းကြီးမှာကစားခဲ့တဲ့ အခုပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်အတွင်း ကတ်စတယ်လာနို့စ်၊ ဘိုဝင်နဲ့ ကာလမ်ဝီလ်ဆင်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဝက်စ်ဟမ်းတို့ တန်းမဆင်းရဖို့အတွက် မျှော်လင့်ချက်အနည်းငယ်ရှိလာခဲ့ပါတယ်။

ဒါပေမဲ့ တော့တင်ဟမ်ကလည်း အိမ်ကွင်းမှာ အဲဗာတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့လို့ ဝက်စ်ဟမ်းတို့ ဘယ်လိုမှမတက်နိုင်ဘဲ တန်းဆင်းရမယ့်ကံကြမ္မာကို လက်ခံလိုက်ရပါတယ်။

"ကျွန်တော်တို့ တကယ်ဝမ်းနည်းရပါတယ်၊ စိတ်ပျက်မိပေမဲ့ ဒါ ကျွန်တော်တို့ ခံစားနေရတဲ့ ဝမ်းနည်းမှုပါပဲ" လို့ နူနိုဆန်းတို့စ်က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။ "ကျွန်တော်တို့ရဲ့ မစ်ရှင်က ခက်ခဲမှန်း သိထားပြီးသားပါ၊ ကိုယ့်လက်ထဲမှာပဲ ရှိနေတာမျိုးလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က လုပ်သင့်တာကို လုပ်ခဲ့ပေမဲ့ မလုံလောက်ခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့သလို အံ့ဩစရာကောင်းတဲ့ အားပေးမှုတွေအတွက်လည်း ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အသင်းသားတွေကိုယ်တိုင် ဂုဏ်သိက္ခာရှိရှိနဲ့ ဘောလုံးရာသီကို အဆုံးသတ်နိုင်ခဲ့တယ်လို့လည်း ချီးကျူးခဲ့ပါတယ်။

"ကျွန်တော်တို့ဘက်က လုပ်စရာရှိတာတွေ လုပ်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ဘူး၊ ဒါပေမဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ဒီနေ့က တကယ်ကို ခက်ခဲတဲ့နေ့ရက်တစ်ခုပါပဲ။ အခြေအနေတွေအတွက် တောင်းပန်ပါတယ်။ ကလပ်အသင်းဆိုတာ ပရိသတ်တွေပါပဲ၊ သူတို့ရဲ့အကူအညီတွေ ဆက်ပြီး လိုအပ်နေဦးမှာပါ" လို့ နူနိုဆန်းတို့စ်က ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၄ နှစ်ကြာ ရပ်တည်ခဲ့ပြီးနောက် လာမယ့်ရာသီ၊ ဒုတိယတန်းပြိုင်ပွဲအတွက် ပြင်ဆင်ရတော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး နူနိုဆန်းတို့စ်က " ခက်ခဲပါလိမ့်မယ်။ ရှေ့မှာ ဘာတွေရှိနေလဲဆိုတာကို သိလိုက်ရမယ့် မနက်ဖြန်နဲ့ သဘက်ခါတွေက ပိုပြီးတော့တောင် ခက်ခဲပါဦးမယ်။ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်အဆင့်ရှိတဲ့ ကလပ်အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်မှာပဲ ရှိနေသင့်ပါတယ်" လို့ ဆိုပါတယ်။

"အားလုံးကို လေးစားတဲ့အနေနဲ့ အခုအချိန်မှာ အနာဂတ်အကြောင်း မစဉ်းစားနိုင်သေးပါဘူး။ လာမယ့်ရက်တွေမှာ ဒီဝမ်းနည်းမှုကို အရင်ဖြတ်သန်းပြီးမှပဲ အနာဂတ်ကို ကြည့်သွားရပါမယ်။ အနာဂတ်အတွက် နောက်မှလုပ်သွားရပါမယ်။ ဒီနေ့တော့ မဟုတ်သေးဘူး။ မနက်ဖြန်ဆိုတာ နေ့သစ်တစ်ခုပါပဲ" လို့ နူနိုဆန်းတို့စ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။