မန်စီးတီးအသင်းရဲ့ အမာခံကွင်းလယ်လူ ရိုဒရီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး ပပ်ဂွာဒီယိုလာက စိုးရိမ်စရာသတင်း စကားပါးလာ
မန်စီးတီးနည်းပြ ပပ်ဂွာဒီယိုလာက အသင်းရဲ့ အဓိကကွင်းလယ်ကြယ်ပွင့် ရိုဒရီရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ သတင်းတစ်ခုကို ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဧပြီလ ၁၉ ရက်) က အီတီဟတ်ကွင်းမှာ အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် မန်စီးတီးဟာ အဆင့် ၁ နေရာက အာဆင်နယ်နဲ့ အမှတ်ကွာဟချက် အလွန်နည်းပါးတဲ့ အနေအထားကို ရောက်ရှိလာခဲ့တာပါ။
ဒါပေမဲ့ အနိုင်ရခဲ့ပေမဲ့လည်း အရာအားလုံးက ပြည့်စုံမနေခဲ့ပါဘူး။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူ ရိုဒရီဟာ ပွဲကစားချိန် ၈၈ မိနစ်မှာ ပေါင်ခြံဒဏ်ရာလို့ ယူဆရတဲ့ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ဂွာဒီယိုလာက ရိုဒရီ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ မသိသေးကြောင်း ဝန်ခံခဲ့ပြီး ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ တိတိကျကျ မပြောနိုင်ပေမဲ့ စိုးရိမ်စရာရှိတဲ့ အခြေအနေကို အခုလို ပြောပြခဲ့ပါတယ်။
"ရိုဒရီ ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဆရာဝန်ပြောပြချက်အရတော့ ပေါင်ခြံဒဏ်ရာလို့ ထင်ရပေမဲ့ စောင့်ကြည့်ရဦးမှာပါ။ ဒီည ဒါမှမဟုတ် မနက်ဖြန်ကျရင် ဆေးစစ်မှုတွေ ထပ်မံပြုလုပ်သွားမှာပါ" လို့ ၎င်းက ဆိုပါတယ်။