The network connection is lost.

Banner Image

လမ်မန်းစ်အပေါ် အလွန်အမင်းအထင်မကြီးကြဖို့ ယူနိုက်တက်ပရိသတ်တွေကို အာမိုရင်သတိပေး

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်ခဲ့ပြီး ဂိုးမပေးခဲ့ရတဲ့ အသင်းရဲ့ဂိုးသမားသစ်လေး ဆန်နီလမ်မန်းစ်ဟာ ယခုမှ အသင်းအတွက် စတင်ပွဲထွက်ချိန်ပဲရှိသေးလို့ အလွန်အမင်းမမျှော်လင့်ကြဖို့ သတိပေးစကားပြောကြားလာခဲ့ပါတယ်။ လမ်မန်းစ်ဟာ မကြာသေးမီက ဆန်းဒါးလန်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ပါဝင်ခဲ့ပြီး ဒီရာသီယူနိုက်တက်ရဲ့ ပထမဆုံး Clean Sheet ကို ရယူပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ယုံကြည်စိတ်ချမှုကို စတင်ရရှိထားခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ လမ်မန်းစ်ကို ပြီးခဲ့တဲ့နွေရာသီရာသီမှာ အန့်တ်ဝပ်မှ ပေါင် ၁၈ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ စတင်ရောက်ရှိချိန်မှာနေရာပေးခံရခြင်းမရှိဘဲ အယ်လ်တေးဘယင်ဒါနောက် အရန်ကစားသမားအဖြစ်သာ နေခဲ့ရတာဖြစ်ပါတယ်။ ဆန်းဒါးလန်းနဲ့ပွဲမှာ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရပြီးနောက်မှာတော့ ဂိုးသမားဟာ သူ့ရဲ့အစွမ်းအစကိုပြသဖို့ အခွင့်အရေးရခဲ့ပြီး လာမယ့် လီဗာပူးနဲ့ပွဲစဉ်မှာလည်း ဆက်လက်ပွဲထွက်နိုင်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

သို့သော်လည်း အဆိုပါအင်္ဂလန်ဒါဘီမှာလမ်မန်းစ်ကိုပွဲထုတ်ဖို့ မသေချာကြောင်းကို အာမိုရင်က "လူစာရင်းက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ရဲ့အစွမ်းအစကို အသင်းမှာသက်သေပြနိုင်ဖို့လိုအပ်ပေမယ့် သူကတော့ ပြသထားနိုင်ပါတယ်။ ဒီလိုမျိုး ပွဲဦးထွက်မှာ အစွမ်းပြနိုင်တာက အရေးကြီးတဲ့အချက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးပေါ်တူဂီသားနည်းပြက "လမ်မန်းစ်က ရှမိုက်ကယ်မဟုတ်သေးပါဘူး။ ပါရမီရှိတဲ့လူငယ်တစ်ယောက်တော့မှန်ပါတယ်။ သူ့ရဲ့အလားအလာကိုပြသနိုင်ခဲ့ပြီး ပရိသတ်တွေကလည်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပွဲကပြီးသွားပါပြီ။ အနာဂတ်မှာ သူဘယ်လိုစွမ်းဆောင်ပြနိုင်မလဲ စောင့်ကြည့်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ လမ်မန်းစ်အနေနဲ့ အန်ဖီးလ်မှာ ပွဲထွက်ခွင့်ရသွားမလား‌ဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး ပွဲထွက်ခွင့်ရပါက သူ့ရဲ့အစွမ်းအစကို သက်သေပြသနိုင်ဦးမလား‌တာ မေးခွန်း တစ်ခုအနေနဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။