The network connection is lost.

Banner Image

ဆန်းဒါးလန်းကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပင်ပန်းနွမ်းနယ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တဲ့ အမ်မရီ

ဆန်းဒါးလန်းကို ၄-၃ ဂိုးဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက အတော်လေး စိတ်သက်သာရာရသွားတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဆန်းဒါးလန်းက ပွဲချိန်နှောင်းပိုင်းအထိ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ တစ်ဖက်သုံးဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲကစားချိန် ၉၃ မိနစ်မှာ အေဘရာဟမ်က အက်စတွန်ဗီလာအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး အူနိုင်းအမ်မရီက "ကျွန်တော်တို့ ကွင်းထဲမှာ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။ "ခက်ခဲတဲ့ပွဲစဉ်တစ်ခုဖြစ်ပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်ပိုင်းမှာ သူတို့က နှစ်ဂိုးသွင်းသွားခဲ့ပြီး မိနစ် ၉၀ မှာ ကျွန်တော်တို့ ဂိုးပေးလိုက်ရတဲ့ အခိုက်အတန့်က တကယ့်ကို ရူးချင်စရာကောင်းပါတယ်။ ကျွန်တော်တို့က စနစ်တကျနဲ့ စည်းကမ်းရှိရှိ၊ တာဝန်ကိုယ်စီ ကျေပွန်အောင် ကစားဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်"

"ဒုတိယဂိုးပေးလိုက်ရပြီးတဲ့နောက်ပိုင်း အခြေအနေတွေ လုံးဝကို ပရမ်းပတာဖြစ်သွားခဲ့ပါတယ်။ အဲဒီနောက်မှာ ရှုံးဖို့တောင် နီးစပ်သွားခဲ့ပေမဲ့ ကျွန်တော်တို့ရဲ့ ဒီနေ့ရည်မှန်းချက်က အနိုင်ရဖို့ပါပဲ။ နောက်ဆုံးမိနစ်မှာ ကျွန်တော်တို့ အစွမ်းကုန်ဖိကစားပြီး ဒစ်ဂ်နေးရဲ့ ဖြတ်တင်ဘောမှတဆင့် အေဘရာဟမ်က တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးချိန်မှာ ကျွန်တော် တော်တော်လေးကို ပင်ပန်းနွမ်းနယ်သွားခဲ့သလို ခံစားချက်အားလုံးကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

ဆက်လက်ပြီး အမ်မရီက "ပရီးမီးယားလိဂ်နောက်ဆုံးအိမ်ကွင်းပွဲစဉ်နှစ်ခုဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ဆန်းဒါးလန်းပွဲတွေမှာ ကျွန်တော်တို့ ကောင်းကောင်းကစားပြီး အနိုင်ရခဲ့ပါတယ်။ ဒါက လမ်းကြောင်းမှန်ပါပဲ။ ပရီးမီးယားလိဂ်က ကျွန်တော်တို့အတွက် ပထမဦးစားပေးဖြစ်ပြီး ယူရိုပါလိဂ်က ဒုတိယဦးစားပေးပါ။ လိုင်လီ၊ ဘိုလော့ဂ်နာတို့နဲ့ယူရိုပါလိဂ်ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းမွန်မွန် ကစားနိုင်ခဲ့ကြပါတယ်"

"အခုဆိုရင် ကျွန်တော်တို့အသင်းရဲ့ ယုံကြည်မှုတွေ ပြန်ရလာပြီး အနေအထားတစ်ရပ်မှာ ရှိနေပါပြီ။ ဒီနေ့ ရရှိခဲ့တဲ့ သုံးမှတ်က တကယ့်ကို ကောင်းမွန်ပေမဲ့ ဒီနေ့မှာ ကျွန်တော်တို့ ခဏတာ ပျောက်ဆုံးသွားခဲ့တဲ့ အာရုံစူးစိုက်မှုပျောက်ဆုံးသွားတာမျိုးကို နောက်နောင်မဖြစ်အောင် ဂရုစိုက်ရပါမယ်။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားဖို့ရှိသလို အခုရလဒ်အတွက်လည်း တကယ်ကို ပျော်ရွှင်မိပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။