အာဆင်နယ်၊ မန်စီးတီးတို့နှင့် အပြောင်းအရွှေ့သတင်းထွက်နေတဲ့အပေါ် ပြောကြားလိုက်တဲ့ နယူးကာဆယ်ကြယ်ပွင့် ဘရူနိုဂူမာရေးစ်
ဂူမာရေးစ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်တွင် နောက်ထပ်ရာသီတစ်ခုကို ခြေစွမ်းပြခဲ့ပြီး ဥရောပဝင်ခွင့်အား နှစ်ရာသီဆက်တိုက်ရရှိစေရန် လက်တစ်ကမ်းအကွာတွင်ရှိခဲ့တဲ့ အက်ဒီဟောင်းရဲ့ ဒဏ်ရာရကစားသမားများနေတဲ့ အသင်းမှာ အဓိကသူဖြစ်ခဲ့ပါတယ်။ယခုနွေရာသီတွင် ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမားကို ခေါ်ယူရန် အာဆင်နယ်နှင့် မန်စီးတီးတို့က စိတ်ဝင်စားနေတာကြောင့် ကလပ်ရှိ ကာလရှည်အနာဂတ်က သံသယဖြစ်ဖွယ် ရှိနေပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားရဲ့ ဇွန်လကုန်တွင် သက်တမ်းကုန်ဆုံးမည့်စာချုပ်တွင် ပေါင်သန်း ၁၀၀ တန် စာချုပ်ဖျက်သိမ်းခရှိကြောင်း ဧပြီလတွင် အက်ဒီဟောင်းက အတည်ပြုခဲ့သော်လည်း အမြတ်အစွန်းနှင့်ရေရှည်တည်တံ့မှုစည်းမျဉ်းများအရ ကလပ်အနေဖြင့် တန်ဖိုးကစားသမားတွေထဲက တစ်ဦးကို ရောင်းချရဖို့ရှိနေပါတယ်။ ထိုခြိမ်းခြောက်မှုဟာ ဥရောပထိပ်တန်းကလပ်များရဲ့ စိတ်ဝင်စားမှုကို ထိခိုက်စေမှာ သေချာနေပြီး ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် စိန့်ဂျိမ်းပါ့ခ်ရှိ သူ့ရဲ့အချိန်ကို ကုန်ဆုံးသွားစေနိုင်ကြောင်း ဂူမာရေးစ်ကိုယ်တိုင်က ဝန်ခံခဲ့ပါတယ်။
"ရိုးသားစွာပြောရလျှင် ကျွန်တော့်ရဲ့အနာဂတ်က ဘုရားသခင်လက်ထဲမှာ ရှိပါတယ်" "ကျွန်တော်က နယူးကာဆယ်နဲ့ စာချုပ်သက်တမ်းရှိနေပြီး ကျွန်တော်ပြောခဲ့သလိုပဲ ကလပ်မှာအရမ်းပျော်ပါတယ်။ သူတို့က ကျွန်တော့်ကို ဘယ်လောက်သဘောကျတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကလပ်အတွက် ကျွန်တော်လုပ်ပေးခဲ့သမျှကိုလည်း ကျွန်တော်သိပါတယ်" "အတိုချုပ်ပြောရရင် ကျွန်တော့်မှာ စာချုပ်တစ်ခုရှိတယ်။ နောက်ပြီး ကျွန်တော် ပျော်တယ်။ ဘာဖြစ်လာနိုင်လဲဆိုတာမသိသေးပါဘူး။ FFP စည်းမျဉ်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို သိပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက ကျွန်တော်ပျော်တယ်လို့ ခံစားရပါတယ်" လို့ ဂူမာရေးစ်က TNT Sports Brazil နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ရောင်းချရန် ရည်မှန်းထားတဲ့ သောမတ်ပါတေးနှင့် မိုဟာမက်အယ်နီနီတို့ရဲ့နေရာကို အားဖြည့်ရန် ကြိုးပမ်းနေသလို ကွင်းလယ်ကစားသမားကို နှစ်ရှည်လများစွာကတည်းက သဘောကျနေတာဖြစ်ပါတယ်။ မန်စီးတီးက ပြောင်းရွှေ့ကြေးများများပေးနိုင်ပေမယ့် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ကလည်း ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ သူ့ကိုစိတ်ဝင်စားမှုရှိနေတဲ့အတွက် ကျေနပ်မိကြောင်း ဝန်ခံခဲ့သော်လည်း ဘရာဇီးနှင့် လာမယ့်ကိုပါအမေရိကဖလားပြိုင်ပွဲအတွက်ကိုသာ အပြည့်အဝအာရုံစိုက်ထားတာကြောင့် သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး အလျင်စလိုလုပ်မှာမဟုတ်ဘူးလို့ ဂူမာရေးစ်က ပြောကြားထားပါတယ်။
"ကစားသမားတစ်ဦးကို ကလပ်အသင်းကြီးတွေ လာရောက်ချိတ်ဆက်တာက အရမ်းကောင်းပါတယ်။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ်ကို ကောင်းကောင်းလုပ်နေတယ်ဆိုတာ ပြသနေပေမယ့် အဲဒါကို ကျွန်တော်လုံးဝ စိတ်မပူပါဘူး" "ကျွန်တော်ပြောခဲ့သလိုပဲ ဒိကလပ်မှာ ပျော်ပါတယ်။ အရမ်းပျော်နေတာမို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။ အလျင်စလိုမဖြစ်ချင်ပါဘူး ကျွန်တော် တကယ်ပျော်ပါတယ် အဲဒါက ဘုရားသခင်အပေါ် မူတည်ပါတယ်။ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်ပါ" "ကလပ်မှာ ဒဏ်ရာရ ကစားသမားတွေ အများကြီးနဲ့ ပွဲပယ်ခံထားရတာတွေ အများကြီးရှိပေမဲ့ အတိုချုပ်ပြောရရင် ဒါဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်သလို အမှတ်ရနေမယ့်ရာသီတစ်ခုပါ။ ပြီးတော့ နောက်ထပ်ရာသီတွေမှာလည်း ဒီလုပ်ထပ်လုပ်နိုင်ဖို့မျှော်လင့်ပါတယ်" လို့ ဂူမာရေးစ်က ပြောပါတယ်။