သူ့နေရာမှာ အစားထိုးဖို့အတွက် နယူးကာဆယ်ကြယ်ပွင့်ကို ယူနိုက်တက်ဆီပြောင်းရွှေ့ဖို့ တိုက်တွန်းထားတဲ့ ကတ်စ်မဲရိုး
ကတ်စ်မဲရိုးက ယူနိုက်တက်မှာ သူ့နေရာမှာ အစားထိုးမယ့်သူကို ရှာဖွေတဲ့အခါ ဘရာဇီးလ်ကစားသမားတစ်ယောက်ကိုပဲ ရွေးချယ်စေချင်နေပါတယ်။
ဒီဘရာဇီးလ်ကွင်းလယ်လူဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
AS ရဲ့ ဖော်ပြချက်အရ ကတ်စ်မဲရိုးဟာ သူ့နေရာမှာ ဘယ်သူ့ကို အစားထိုးသင့်တယ်ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ကလပ်အသင်းတာဝန်ရှိသူတွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဝါရင့်ကစားသမားကြီး ကတ်စ်မဲရိုးက သူ့ရဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းဖော်လည်းဖြစ်၊ နယူးကာဆယ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဘရူနို ဂူမာရေးစ်ကို ခေါ်ယူဖို့ ယူနိုက်တက်ကို တိုက်တွန်းခဲ့တာပါ။
ယူနိုက်တက်ရဲ့ ကစားသမားစုဆောင်းရေးအဖွဲ့ကလည်း ကတ်စ်မဲရိုးရဲ့ အကြံပြုချက်ကို သဘောတူညီမှုရှိကြပြီး လာမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဂူမာရေးစ်ကို ခေါ်ယူဖို့ ဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ဂူမာရေးစ်ဟာ ပေါင်နောက်ကြောဒဏ်ရာ ကနေ ပြန်လည်သက်သာလာဖို့အတွက် ဘရာဇီးလ်မှာရှိတဲ့ သူ့ရဲ့အိမ်မှာ အနားယူနေပါတယ်။