ခါးသီးဒါဘီပြိုင်ဘက်ကို ရှုံးနိမ့်ပြီးနောက် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ နယူးကာဆယ်ကွင်းလယ်လူဂူမာယေးစ်
နယူးကာဆယ်ကွင်းလယ်ကစားသမားဘရူနိုဂူမာယေးစ်က ခါးသီးပြိုင်ဘက်ဆန်းဒါးလန်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ခံစားချက်တွေကိုထိန်းချုပ်နိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း၊ ပထမဆုံးအကြိမ်တိုင်နေးဆိုဒ်ပရီးမီးယားလိဂ်ဒါဘီပွဲစဉ်မှာ ဆန်းဒါးလန်းက ဝေါ်လ်တာမိတ်ရဲ့ Own Goal မှတဆင့် အဖိုးတန်နိုင်ပွဲရရှိခဲ့ပါတယ်။
လတ်တလောမှာလည်း တန်းတက်အသင်းက နယူးကာဆယ်ထက် လေးမှတ်အသာရရှိပြီး အမှတ်ပေးဇယားသတ္တမနေရာမှာ ရပ်တည်နေပါတယ်။ အခုဒါဘီပွဲစဉ်အပြီး သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ မေးမြန်းလာမှုကို ဒေါသအိုးပေါက်ကွဲနေတဲ့ ဂူမာယေးစ်က အသင်းဖော်တွေရဲ့စိတ်ဓါတ်ပိုင်းအပေါ် ဝေဖန်ထောက်ပြရင်း စိတ်ခံစားမှုတွေကို လွှတ်ချပစ်ခဲ့ပါတယ်။
ဂူမာယေးစ်က “ ကျွန်တော် အရမ်းဒေါသထွက်နေပါတယ်။ အလွန်စိတ်ပျက်မိသလို အလွန်ရှက်ရွံ့မိပါတယ်။ အခုပွဲစဉ်မှာဆိုရင် ဖြတ်တင်ဘောတွေ၊ ပေးပို့မှုတွေ၊ ဂိုးပေါက်ကန်သွင်းချက်တွေ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပါဘူး။ ဘာဆိုဘာမှမရှိတာပါ။ ကျွန်တော့်အမြင်အရ အလွန်ရှုပ်ထွေးတဲ့အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။
ဆန်းဒါးလန်ထက်ပိုကောင်းတဲ့ လူစာရင်းစုဖွဲ့မှုမျိုးကို ကျွန်တော်တို့အသင်း ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းပုံစံမျိုးနဲ့ မကစားနိုင်ခဲ့ပါဘူး။ ရှုပ်ထွေးခက်ခဲလွန်းတဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှုမရှိသလို စိတ်ဓါတ်ပိုင်းလည်း မကောင်းမွန်ခဲ့ပါဘူး။ ကျွန်တော်တို့မှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပါဘူး။ ပရိသတ်တွေကတော့ ပိုကောင်းတဲ့အရာမျိုးကို မျှော်လင့်ပြီး ထိုက်တန်မှုလည်း ရှိပါတယ်။
ဆန်းဒါးလန်းရဲ့အဝေးဘောကစားတဲ့ပုံစံကို ကျွန်တော်တို့တွေ လက်ခံပေးခဲ့ပါတယ်။ ဒါဘီပွဲစဉ်မျိုးမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်ပေမယ့် ကျွန်တော်တို့မှာ မရှိနေခဲ့ပါဘူး”လို့ ပြောပါတယ်။ ဆက်လက်ပြီး ဂူမာယေးစ်က နယူးကာဆယ်ကစားသမားဘဝမှာ နာကျင်စရာအကောင်းဆုံးရှုံးနိမ့်မှု ဖြစ်ခဲ့တယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
သူက “ သေချာပေါက်ပါပဲ။ ရှုံးနိမ့်မှုတစ်ခုအတွက်တင်မက ကျွန်တော်တို့ရဲ့ကစားပုံနဲ့လည်း သက်ဆိုင်ပါတယ်။ စိတ်ပျက်ရမှု၊ စိတ်ဆင်းရဲရမှုနဲ့ စွမ်းအင်တွေပါ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျွန်တော်တို့လုပ်နိုင်တဲ့ ဖြတ်တင်ဘောပေးပို့တာတွေ၊ ဘောလုံးပေးပို့မှုတွေကို မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အမြင်အရ ကျွန်တော့်တို့က ရှုပ်ထွေးခက်ခဲလွန်းတဲ့အခြေအနေတစ်ခုလို ဖြစ်ခဲ့ပါတယ်။ စိတ်ပျက်မိသလို ဒေါသလည်း ထွက်မိပါတယ်။ ဒီတစ်ခါတော့ လက်ခံပေးဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားဘဝမှာ ဒါဘီပွဲစဉ်များစွာ ကစားခဲ့ဖူးပါတယ်။ ဒီပွဲစဉ်တွေမှာ ရှုံးနိမ့်ဖို့ဆိုတာ အတော်လေးမလွယ်ကူပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့က ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်လို့ ထင်ပါတယ်။ ပရိသတ်တွေကိုယ်တိုင် အခုထက်ပိုပြီးတော့ မျှော်လင့်ခဲ့ကြတာပါ။ ကျွန်တော်တို့လည်း အလားတူပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့က မှန်ကန်တဲ့စိတ်ဓါတ်ပိုင်းနဲ့အတူ အခုပွဲစဉ်ဆီ ရောက်ရှိလာသင့်တဲ့ အသင်းပုံစံမျိုး မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပရိသတ်တွေအပေါ် နားလည်ပေးနိုင်ပါတယ်။ အခု ကျွန်တော့်အတွက်သာမက ကျွန်တော်တို့အသင်းအတွက်ပါ လုပ်နိုင်စရာနည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်။ ဒါကတော့ ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်ပြီး ပြိုင်ဘက်တိုင်းကို အနိုင်ယူကာ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ဆီ၊ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ဆီ၊ လိဂ်အမှတ်ပေးဇယားရပ်တည်မှု ပိုကောင်းလာဖို့ဆီ ကလပ်အသင်းကို ပို့ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ပွဲစဉ်တိုင်းက ကျွန်တော့်အတွက် ဗိုလ်လုပွဲလို ဖြစ်လာပါပြီ”လို့ ပြောပါတယ်။