ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပေမယ့် အာဆင်နယ်နဲ့ပွဲအတွက် အရန်ခုံတန်းမှာရှိနေမယ့် ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ အသင်းရဲ့အရန်ခုံတန်းမှာ ထိုင်ပြီး ကြီးကြပ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ FA ဖလားပွဲစဉ်မှာ ဂွါဒီယိုလာဟာ ဒီရာသီအတွက် ၆ ကြိမ်မြောက် အဝါကတ်ပြသတိပေးခံခဲ့ရတာကြောင့် ၂ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ အဲဒီပွဲပယ်ပြစ်ဒဏ်ဟာ FA ဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာပဲ သက်ရောက်မှုရှိတာဖြစ်ပြီး ဥရောပပွဲစဉ်တွေ ဒါမှမဟုတ် ပြည်တွင်းဖလား ဗိုလ်လုပွဲတွေမှာတော့ သက်ရောက်မှု မရှိပါဘူး။
ဒါကြောင့် ဂွါဒီယိုလာဟာ မတ်လ ၂၂ ရက်နေ့မှာ ဝင်ဘလေကွင်းမှာ ကစားမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ပုံမှန်အတိုင်း နေရာယူနိုင်မှာ ဖြစ်ပါတယ်။
ကတ်တလန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ ဒီရာသီမှာ ပထမဆုံး ၃ ကြိမ် သတိပေးခံရတုန်းကလည်း တစ်ပွဲပယ်ပြစ်ဒဏ်ကို ကျခံခဲ့ဖူးပါသေးတယ်။