ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် စောဒကတက်ခဲ့လို့ ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မယ့် ပက်ဂွါဒီယိုလာ
နယူးကာဆယ်ကိုအနိုင်ယူပြီး အက်ဖ်အေဖလားကွာတားဖိုင်နယ်ဆီ မန်စီးတီးတို့ အလွယ်တကူတက်ရောက်သွားနိုင်ခဲ့ပေမဲ့ နည်းပြ ပက်ဂွာဒီယိုလာကတော့ အခုရာသီ၊ ဆဋ္ဌမမြောက်အဝါကတ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရလို့ နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်သွားရပါတော့မယ်။
စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းပွဲစဉ်မှာ နယူးကာဆယ်နောက်ခံလူထရစ်ပီယာရဲ့ ဒိုကူအပေါ်ဖျက်ထုတ်ပုံနဲ့ပတ်သက်ပြီး ပက်ဂွါဒီယိုလာက စတုတ္ထဒိုင်လူးဝစ်စမစ်ကို ကွင်းဘေးမှတဆင့် ဒေါသတကြီးစောဒကတက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကွင်းလယ်ဒိုင်ဆမ်ဘားရော့တ်ရဲ့ အဝါကတ်ပြစ်ဒဏ်ကို ပက်ဂွါဒီယိုလာ ရရှိခဲ့ပြီး စပိန်သားနည်းပြအတွက် ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အပြင် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကိုပါ ကွင်းဘေးမှတဆင့် ကြီးကြပ်ခွင့် မရှိတော့ပါဘူး။
နော့တင်ဂမ်ဖောရက်စ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းကို ၁၀ နေရာအထိ အပြောင်းအလဲလုပ်ခဲ့ပြီးနောက် ၃-၁ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ အခိုက်အတန့်မှာ ဒါက ပက်ဂွါဒီယိုလာအတွက် တစ်ခုတည်းသောစိတ်ပျက်စရာအချက် ဖြစ်လာခဲ့ပါတယ်။
မန်စီးတီးနည်းပြက "ကျွန်တော် တစ်ခုပြောမယ်။ ဒီနိုင်ငံမှာရှိသမျှစံချိန်အားလုံးကို အခက်အခဲတွေကြားမှ ကျွန်တော်တို့ ပိုင်ဆိုင်ထားတယ်။ အခုဆိုရင် အဝါကတ်အများဆုံးရရှိထားတဲ့နည်းပြအဖြစ်တောင် စံချိန်တင်သွားပါပြီ။ ကျွန်တော်က စံချိန်အားလုံးကို လိုချင်တာဆိုတော့ ရသွားပြီပေါ့" လို့ ပြောခဲ့ပါတယ်။ "အခု နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ်ဆိုတော့ လာမယ့်ပွဲစဉ်နှစ်ခုမှာ အားလပ်ရက်ရရှိပါတော့မယ်။ ဒီမှာ ဆယ်စုနှစ်တစ်ခုကြာရှိနေခဲ့ပေမဲ့ အခုထိ နားမလည်နိုင်တဲ့ အရာတွေ ရှိနေတုန်းပါပဲ။ အဲဒီဖြစ်ရပ်ကို ပြန်ကြည့်ပါ။ ဒိုကူနဲ့ ကျွန်တော့်အသင်းသားတွေကိုတော့ ကျွန်တော် ကာကွယ်သွားပါမယ်" လို့လည်း သူက ဆိုပါတယ်။
အဲဒီဆုံးဖြတ်ချက်ကြောင့် ပက်ဂွါဒီယိုလာ စိတ်ရှုပ်ခဲ့ရပေမဲ့ မန်စီးတီးကတော့ နယူးကာဆယ်နဲ့ ဒီရာသီငါးကြိမ်တွေ့ဆုံရာမှာ စတုတ္ထမြောက်နိုင်ပွဲကို ဆက်တိုက်ဆိုသလို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ သူက လာမယ့်ဗုဒ္ဓဟူးညပိုင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ကစားမယ့်ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်အတွက် အဓိကကစားသမားတွေကို အနားပေးထားခဲ့ပါတယ်။
သူ့လက်ထက် အက်ဖ်အေဖလားပွဲစဉ် ၂၁ ခုအနက် ၁၉ ပွဲအထိအနိုင်ရထားတဲ့စံချိန် (မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတယ်ပဲလေ့စ်ကိုတို့ကိုသာ ရှုံးနိမ့်ထား) အပေါ်မှာလည်း ပက်ဂွါဒီယိုလာက ဂုဏ်ယူနေပါတယ်။ သူက "ဒီ ၁၀ နှစ်အတွင်း နယူးကာဆယ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်တွေအနက် အကောင်းဆုံးပွဲစဉ်တစ်ခုပါ။ အက်ဖ်အေဖလားပွဲစဉ်ဆိုတာ ခက်ခဲတတ်ပေမဲ့ ကျွန်တော်တို့ ကစားသမားတွေရဲ့ပုံစံ၊ တိုက်စစ်၊ ခံစစ်နဲ့ အာရုံစိုက်မှုတွေအပေါ် တကယ်ကို ကျေနပ်မိပါတယ်။ အက်ဖ်အေဖလားကွာတားဖိုင်နယ်ဆီ ရှစ်ကြိမ်ဆက်တက်နိုင်တယ်ဆိုတာ ကျွန်တော်တို့ရဲ့အဖွဲ့အစည်း ဘယ်လောက်ကောင်းမွန်လဲဆိုတဲ့အချက်ကို ပြသနေပါတယ်" လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ အိမ်ရှင်နယူးကာဆယ်က ပွဲအစ ၁၈ မိနစ်မှာတင် တိုနာလီရဲ့ လှပတဲ့ဖန်တီးပေးမှုကနေတစ်ဆင့် ဟာဗေးဘန်းစ်က ဦးဆောင်ဂိုးသွင်းယူပြီး အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်း အရှိန်မြှင့်လိုက်ချိန်မှာတော့ အက်ဒီဟိုဝီရဲ့တပည့်တွေအတွက် သင်ခန်းစာရလောက်တဲ့ ညတစ်ခုဖြစ်သွားခဲ့ပါတယ်။
ဆာဗင်ဟိုက ပထမပိုင်းမှာတင် ချေပဂိုးပြန်သွင်းခဲ့ပြီး အိုမာမာမွတ်ရှ်ရဲ့နောက်ထပ်သွင်းဂိုးနှစ်ဂိုးနဲ့အတူ အနိုင်ရလဒ်ကို အတည်ပြုပေးခဲ့ပါတယ်။ အိုမာမာမွတ်ရှ်က နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ငါးပွဲမှာ ခုနစ်ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒါဟာ မန်စီးတီးကစားသမားဘ၀ သူသွင်းပေးထားတဲ့ စုစုပေါင်းဂိုးပမာဏရဲ့ထက်ဝက်လည်း ဖြစ်ပါတယ်။