The network connection is lost.

Banner Image

အရုပ်ဆိုးအကျည်းတန်နည်းဗျူဟာတွေ သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အာတီတာ ပြန်လည်တုံ့ပြန်

ဗုဒ္ဓဟူးည၊ Amex ကွင်းပွဲစဉ်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်က ဘရိုက်တန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဆုနဲ့ ခြေတစ်လှမ်းပိုနီးစပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစဉ်အပြီးမှာတော့ ဘရိုက်တန်နည်းပြဟာဇလာကိုယ်တိုင် အာဆင်နယ်အသင်းရဲ့နည်းစနစ်တွေကို ဝေဖန်သွားခဲ့ပြီး ဒီပြောဆိုချက်တွေကို အာတီတာကလည်း ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ အာဆင်နယ်က ဆာကာရဲ့သွင်းဂိုးနဲ့ နောက်ဆုံးသုံးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကို ဖော်ဆောင်ခဲ့ပြီး တဖက်မှာလည်း အနီးဆုံးပြိုင်ဘက်မန်စီးတီးရဲ့အိမ်ကွင်းအမှတ်လျော့မှုဖြစ်စဉ်ပေါ်ပေါက်လာလို့ အမှတ်ပေးဇယားကို ခုနစ်မှတ်ဖြတ်ကာ ဦးဆောင်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရတဲ့ အာဆင်နယ်က အခုတော့ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အင်္ဂလန်ချန်ပီယံဆုကိုရယူဖို့အတွက် ချန်ပီယံပြေးလမ်းကို အပြည့်အ၀ထိန်းချုပ်သွားနိုင်ခဲ့ပါပြီ။

ဒါပေမဲ့ အာဆင်နယ်က အခုဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရင်တောင် လွန်ခဲ့တဲ့ ၂၂ နှစ်၊ အာစင်ဝင်းဂါးရဲ့'ရှုံးပွဲမရှိ' (Invincibles) အသင်းလောက် ချီးကျူးမခံရနိုင်ပါဘူး။

မျက်စိပသာဒဖြစ်စေတဲ့ 'Invincibles' အသင်းရဲ့ကစားဟန်နဲ့မတူဘဲ အာတီတာရဲ့အသင်းက ခံစစ်အသားပေးပုံစံနဲ့ အလွတ်တည်ကန်ဘောတွေအပေါ် အားပြုကစားနေလို့ သဘောကျစရာသိပ်မရှိဘူးလို့ ဆိုကြပါတယ်။

အာဆင်နယ်ရဲ့ 'အရုပ်ဆိုးတဲ့'နည်းဗျူဟာတွေအပေါ် ဝေဖန်သံတွေ ပိုများလာပြီး အခုနောက်ဆုံးမှာတော့ ဟာဇလာက အချိန်ဆွဲခြင်း၊ ဒဏ်ရာရနေသူအဖြစ်ဟန်ဆောင်ခြင်းတွေကို ဂန်းနားတို့ လုပ်ဆောင်နေတယ်လို့ ဝေဖန်လာပါတယ်။

ပြစ်ဒဏ်ဘောတွေရရှိချိန်တိုင်း ပွဲကိုချက်ချင်းမစတင်ဘဲ အချိန်ဆွဲနေတဲ့ အာဆင်နယ်ရဲ့အလေ့အကျင့်ကြောင့် ဟာဇလာ စိတ်ပျက်နေတာပါ။

ဒါ့အပြင် အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာကိုယ်တိုင်လည်း သုံးကြိမ်လောက်အထိ ဒဏ်ရာရရှိတဲ့ပုံစံဖြင့် ဆေးကုသမှုခံယူခဲ့ပါတယ်။ ဒါက အာတီတာနဲ့ကစားသမားတွေ နည်းဗျူဟာပိုင်းဆွေးနွေးနိုင်ဖို့ အချိန်ဆွဲပေးတဲ့နည်းလမ်းဖြစ်တယ်လို့ ယူဆနေကြပါတယ်။

"ဒီနေ့ပွဲစဉ်မှာ ဘောလုံးကို တကယ်ကစားဖို့ ကြိုးစားတာ တစ်သင်းတည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ ဂိုးသမားတစ်ဦး ဒီလောက်အထိ အကြိမ်ကြိမ်လဲကျနေတာကို ခင်ဗျားတို့ မြင်ဖူးပါသလား?" လို့ ဟာဇလာက ဆိုပါတယ်။

"အာဆင်နယ်က သူတို့ကိုယ်တိုင် စည်းမျဉ်းတွေ ထုတ်နေကြပါတယ်။ လောလောဆယ်မှာတော့ သူတို့က ကိုယ်ပိုင်စည်းမျဉ်းတွေနဲ့ ကစားနေတယ်လို့ ကျွန်တော် ခံစားရတယ်။ အဲ့ဒီလိုနည်းလမ်းနဲ့ နိုင်အောင်လုပ်တဲ့ နည်းပြမျိုး ကျွန်တော် ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူး။ ဒီအခန်းထဲမှာရှိတဲ့သူတွေကို ကျွန်တော် မေးကြည့်ချင်ပါတယ်၊ ဒီပွဲကို တကယ်ရော သဘောကျခဲ့ကြလား? အာဆင်နယ်ပရိသတ်တစ်ဦးလောက်ပဲ လက်ထောင်လိမ့်မယ်လို့ ကျွန်တော် သေချာပေါက်ပြောရဲပါတယ်။ အနာဂတ်မှာ ဒါတွေ ဘယ်လိုဖြစ်သွားမှာလဲ? ဒါက ပရိသတ်တွေ ပိုက်ဆံပေးပြီး ကြည့်ချင်တဲ့အရာမျိုးလား?" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါပေမဲ့ အာတီတာကတော့ အာဆင်နယ်ရဲ့ကစားကွက်နဲ့ပတ်သက်လို့ နောင်တမရဘဲ အရေးကြီးတဲ့နိုင်ပွဲကို ရအောင်ယူခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို ချီးကျူးသင့်တယ်လို့ ဆိုပါတယ်။

"အံ့ဩစရာပါပဲ" လို့ ဟာဇယ်လာရဲ့ စွပ်စွဲချက်အပေါ် သိလိုက်ရချိန်မှာ အာတီတာက တုံ့ပြန်ခဲ့ပါတယ်။ "အရင်ပွဲတွေကို ပြန်ကြည့်ရင်လည်း ဒီလိုမျိုးမှတ်ချက်တွေ အမြဲတမ်းရှိနေပါလိမ့်မယ်။ ကျွန်တော့်ကစားသမားတွေကို ကျွန်တော် ချစ်ပါတယ်။ အဓိကအချက်က ဒါပါပဲ။ ကျွန်တော့်ကစားသမားတွေကိုရော၊ သူတို့ရဲ့ ယှဉ်ပြိုင်လိုစိတ်ကိုပါ ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့လိုအခြေအနေမျိုးမှာရှိနေရင် ပြိုင်ဘက်တွေက ဒါကို ဖျက်စီးချင်ကြပါလိမ့်မယ်။ ဒါက အားကစားရဲ့ သဘာဝပါ"လို့ ဆိုပါတယ်။

အာတီတာက လှပတဲ့ကစားဟန်အတွက် အမှတ်တွေမရရှိပေမဲ့ ဖလားလေးလုံးမျှော်လင့်ချက် ရှိနေဆဲဖြစ်လို့ အခုလိုဝေဖန်မှုတွေကို ဂရုမစိုက်ပါဘူး။

အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဦးဆောင်နေသလို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာလည်း လေဗာကူဆင်၊ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီး၊ အက်ဖ်အေဖလားပဉ္စမအဆင့်မှာ မန်းစ်ဖီးလ်တောင်းတို့နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

အခြားနည်းပြတွေရဲ့ ထင်မြင်ချက်တွေကို ဂရုစိုက်လားလို့ မေးမြန်းရာမှာ အာတီတာက " မှတ်ချက်မပေးလိုပါဘူး" လို့ပဲ ဖြေကြားခဲ့ပါတယ်။