တော့တင်ဟမ်ရဲ့ကစားပုံ ကျဆင်းသွားမယ်ဆိုတာ ဘရိုက်တန်ကစားသမားတွေ ကြိုသိထားကြတယ်လို့ ဝန်ခံလိုက်တဲ့ ဝီဖာ
ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်မှာ ပြိုင်ဘက်တော့တင်ဟမ်ဆီမှ ရလဒ်ကောင်းတစ်ခုခု ရရှိနိုင်မယ်ဆိုတာ အမြဲတမ်း ယုံကြည်မှုရှိခဲ့တယ် ဘရိုက်တန်ကွင်းလယ်လူ မတ်စ်ဝီဖာက ပြောကြားလိုက်ပါတယ်။
ရူတာရဲ့ပွဲချိန်နောက်ဆုံးမိနစ်ချေပဂိုးကြောင့် ဘရိုက်တန်က တော့တင်ဟမ်ဟော့စပါးကွင်းမှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ကို ရရှိခဲ့ပါတယ်။
ဝီဖာက "ကျွန်တော်တို့ ၂-၁ ဂိုးဖြစ်သွားချိန် ဘယ်လိုဖြစ်သွားမှန်းတောင် မသိလိုက်ပေမဲ့ လူတိုင်းသိကြတဲ့အတိုင်းပဲ လက်ရှိမှာ သူတို့တော့တင်ဟမ်အသင်းအခြေအနေ သိပ်မကောင်းတာကြောင့် ကျွန်တော်တို့ ဂိုးပြန်သွင်းနိုင်ဦးမယ်လို့ ခံစားခဲ့ရပါတယ်" လို့ ဆိုပါတယ်။
"နောက်ဆုံး ၁၀ မိနစ်လောက်မှာတင် ၂-၂ ဂိုး ဖြစ်လာတော့မယ်ဆိုတဲ့ အငွေ့အသက်ကို ခံစားနေရပါပြီ"
"အဲဒီနောက် ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာလည်း ထောင့်ကန်ဘောကတစ်ဆင့် ၃-၂ ဂိုးဖြစ်စေမယ့် အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ဒီရလဒ်က ထိုက်တန်ရဲ့လားဆိုတာ ကျွန်တော်မသိပေမဲ့ ကျွန်တော်တို့ကတော့ အနိုင်ရလဒ်အထိ လိုချင်ခဲ့တာပါ" လို့ ၎င်းက ပြောပါတယ်။
ဆက်လက်ပြီး သူက "တော့တင်ဟမ်ကစားသမားတွေရဲ့ကစားအား ကျသွားတာကို မြင်နိုင်ပါတယ်။ သူတို့က ဂိုးဧရိယာထဲမှာပဲ ပိတ်ဆို့နေဖို့ ကြိုးစားခဲ့လို့ ကျွန်တော်တို့တွေ သူတို့အနီးအနားမှာ စိတ်ကြိုက်ကစားနိုင်ခဲ့ပါတယ်"
"သူတို့ဘက်က ယုံကြည်မှုအနည်းငယ်လျော့ပါးသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ တောက်လျှောက် ဖိအားပေးကစားခဲ့ပြီး အခွင့်အရေးတစ်ခုမှာ ဘောလုံးက အနေအထားကောင်းကောင်းနဲ့ ကျလာခဲ့လို့ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ဖြစ်အောင် သွင်းယူနိုင်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။