
အေစီမီလန်နဲ့သဘောတူညီမှုရဖို့ မိုဒရစ် နီးစပ်
ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ဆန်တီယာဂိုဘာနေဗျူးမှထွက်ခွာလာခဲ့တဲ့ ဝါရင့်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ ယခုအခါမှာတော့ အီတလီစီးရီးအေထိပ်သီးကလပ် အေစီမီလန်သို့ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိတော့မယ်လို့သိရပါတယ်။
အေစီမီလန်အနေနဲ့ ဘောလွန်းဒီအော်ဆုရှင်ကိုခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကာ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားတယ်လို့ ဒီမာဇီယိုက ဖော်ပြလာခဲ့ပါတယ်။ အသက်-၃၉ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မိုဒရစ်ဟာ ဥရောပထိပ်တန်းဘောလုံးအဆင့်မှာ ခြေစွမ်းပြသကစားနိုင်ဆဲဖြစ်လို့ ရီးရဲလ်မက်ဒရစ်မှ အလွတ်အေးဂျင့်နဲ့ထွက်ခွာလာခဲ့ကာ ဥရောပမှာပဲ ဆက်လက်ကျင်လည်ဖို့ဆုံးဖြတ်ထားပုံပေါ်ပါတယ်။
မိုဒရစ်ကို မေဂျာလိဂ်ကလပ် အင်တာမီယာမီ၊ စကော့တလန်ကလပ် ရိန်းဂျားနဲ့ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာတို့က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ခရိုအေးရှားလက်ရွေးစင်ဟာ ထိပ်တန်းအဆင့်မှာပဲ ဆက်လက်ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အေစီမီလန်ဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက စီးရီးအေအမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် မိုဒရစ်အနေနဲ့ နောက်ရာသီ ဥရောပပြိုင်ပွဲတွေကိုတော့ ကစားခွင့်ရမှာမဟုတ်ပါဘူး။
၂၀၂၄-၂၅ ရာသီအတွင်း ရီးရဲလ်မက်ဒရစ်ဟာ ယူအီးအက်ဖ်အေစူပါဖလားနဲ့ တိုက်ကြီးများဖလားတို့ကို စောစောစီးစီးဆွတ်ခူးနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြားဆုဖလားတွေအားလုံးကို လက်လွှတ်ခဲ့ရပါတယ်။ စိတ်ပျက်စရာ ဖလားလက်မဲ့ရာသီအတွင်း မိုဒရစ်ကတော့ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
မိုဒရစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ဆက်လက်ထိမ်းဆောင်နေဆဲဖြစ်ပြီး ယခုလအတွင်း ဂျီဘရော်လ်တာ၊ ချက်တို့နဲ့ယှဉ်ပြိုင်သွားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ နိုင်ငံအသင်းအတွက် ပါဝင်ကစားသွားမှာဖြစ်ပါတယ်။