ဘောလွန်းဒီအော်ဆုရနိုင်ခြေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ဒီကလန်ရိုက်စ်
အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က သူ့အနေနဲ့ ဘောလွန်းဒီအော်ဆု ရယူနိုင်ဖို့ မျှော်လင့်ထားခြင်းရှိမရှိ မေးမြန်းခဲ့ရာမှာ တုံ့ပြန်ပြောဆိုမှုတွေပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ၂၂ နှစ်ကြာဝေးကွာနေခဲ့ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ်ပြန်လည်ဆွတ်ခူးနိုင်ဖို့ အကောင်းဆုံးအခြေအနေတစ်ရပ်ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယားထိပ်ဆုံးကနေ မန်ချက်စတာစီးတီးကို ၆ မှတ်အထိ ဖြတ်တောက်ထားနိုင်တာဖြစ်ပါတယ်။
အခုလို အာဆင်နယ်အနေနဲ့ ထိပ်ဆုံးနေရာမှာရပ်တည်နိုင်စေဖို့အတွက် အသင်းရဲ့အဓိက ကွင်းလယ်လူ ဒီကလရိုက်စ်ရဲ့ စွမ်းဆောင်ရည်တွေကလည်း အဓိကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားတဲ့ အင်္ဂလန်သားအနေနဲ့ နောက်နှစ်အတွက်ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မလားဆိုတဲ့ မေးခွန်းတွေပေါ်ထွက်လာခဲ့ပါတယ်။
သို့သော်လည်းရိုက်စ်ကတော့ "ကျွန်တော်က အင်္ဂလန်က ကောင်းလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် ဒီလိုဆုတွေအကြောင်းဆွေးနွေးရတာက မှန်ကန်တယ်လို့ထင်ပါတယ်။ လက်ရှိကျွန်တော်လုပ်ပြနေတာတွေကို အာဆင်နယ်ပရိသတ်တွေ အသိအမှတ်ပြုကြသလို၊ ဝက်စ်ဟမ်းမှာတုန်းကလည်း ဝက်စ်ဟမ်းပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်"
" ကမ္ဘာ့အကောင်းဆုံးကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရတာက ဝမ်းသာစရာဖြစ်ပြီး ဒီလို အခြေအနေကို ဆက်ထိန်းထားချင်ပါတယ်။ အခုလို နှိုင်းယှဉ်ခံနေရတာတွေက ကျွန်တော် ခြေစွမ်းကောင်းနေတယ်ဆိုတာ ပြသနေတာဖြစ်ပြီး အမြင့်ဆုံးအဆင့်မှာကစားနိုင်ဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ရိုက်စ်အနေနဲ့ ဘောလွန်းဒီအော်ဆုကို ရရှိနိုင်ဖို့အတွက် အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ဖို့ လိုအပ်မှာဖြစ်သလို၊ လာမယ့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းနဲ့အတူ အောင်မြင်မှုရရှိဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
အသင်းရဲ့ ပရီးမီးယားလိဂ်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ရိုက်စ်က "အသင်းဖော်တွေက ဒီအကြောင်းကို ပွင့်ပွင့်လင်းလင်းပဲပြောကြပါတယ်။ ကိုယ့်ဘဝမှာ ကစားသမားသက်တမ်းက တစ်ခါပဲရှိတာဆိုတော့ ကိုယ့်မှာရှိသမျှ အကုန်ထုတ်သုံးပြီး ဆုဖလားအောင်မြင်မှုတွေ ရယူချင်ပါတယ်။ လိဂ်မှာ နောက်ထပ်ကစားဖို့ ၁၇ ပွဲကျန်ပါသေးတယ်။ အကောင်းဆုံးကစားပြီး နိုင်ပွဲတွေဆက်ယူသွားကြပါမယ်။ ဒါက ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါပဲ"
"တစ်နေ့မှာ ဒီအချိန်တွေကို ပြန်ကြည့်တဲ့အခါ 'ငါ အဲဒီတုန်းက ဘာတွေများ ကွဲပြားအောင် လုပ်ခဲ့သင့်လဲ' ဆိုပြီး နောင်တမရချင်ပါဘူး။ အခုအချိန်ဟာ အစွမ်းကုန် ကြိုးစားရမယ့်အချိန်ပါ၊ ဘာလို့လဲဆိုတော့ ဒီအချိန်မျိုးကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်မရနိုင်တော့လို့ပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။