ဒေါ့မွန်မှထွက်ခွာလာမယ့် ဂျူလီယန်ဘရန့်ဒ်ကို ခေါ်ယူဖို့ အင်တာမီလန် စတင်ချဉ်းကပ်
ဒေါ့မွန်အသင်းက ဂျူလီယန်ဘရန့်ဒ်နဲ့ အခုဘောလုံးရာသီကုန်မှာ လမ်းခွဲမယ်လို့ ကြေညာခဲ့ပြီးနောက် အင်တာမီလန်ရဲ့ အချိန်မဆိုင်းချက်ချင်းဆိုသလို ကြိုးပမ်းဆောင်ရွက်မှု ထွက်ပေါ်လာတယ်လို့ သိရပါတယ်။
ဒေါ့မွန်အကြီးအကဲလားစ်ရစ်ကန်က အခုဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်မြောက်ပြီးနောက် အသင်းမှ အသက် ၂၉ နှစ်အရွယ်ကစားသမား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားလိမ့်မယ် အတည်ပြုပြောကြားခဲ့ပါတယ်။
“သတင်းတချို့လည်း ထွက်နေပြီးသားပါ။ တကယ်တမ်းကတော့ နှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး သက်တမ်းကုန်တော့မယ့်စာချုပ်ကို ထပ်မတိုးဖို့ သဘောတူညီခဲ့ကြပါတယ်” လို့ ရစ်ကန်က ဆိုပါတယ်။
“ဘရန့်ဒ်က ဒေါ့မွန်အတွက် ပွဲပေါင်းရာနဲ့ချီကစားပေးခဲ့သူပါ။ သူ့ကို ကျွန်တော်တို့ ကျေးဇူးတင်ရပါလိမ့်မယ်။ ကျွန်တော်တို့ဆီမှာ ခုနစ်နှစ်ကြာ ကစားပေးခဲ့ပြီး တချို့အချိန်တွေမှာတော့ ဝေဖန်မှုတွေလည်း ကြုံခဲ့ရဖူးပါတယ်”
“နောက်ထပ်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူ အသက် ၃၀ နှစ် ပြည့်မြောက်ပါလိမ့်မယ်။ ဒါကြောင့် နှစ်ဖက်စလုံးအတွက် အပြောင်းအလဲသစ်တွေ လုပ်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့အချင်းချင်းအကြား သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
L’Interista ရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းက လာမယ့်နွေရာသီမှာ ဘရန့်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေဆီ စတင်ဆက်သွယ်နေပြီလို့ သိရပါတယ်။