The network connection is lost.

Banner Image

အေစီမီလန်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်လိုက်တဲ့ အိုလံပီယာကော့စ် နောက်ခံလူ ပီရိုလာ

အိုလံပီယာကော့စ်အသင်းရဲ့ နောက်ခံလူ လော်ရန်ဇို ပီရိုလာက သူဟာ အီတလီနိုင်ငံကို ပြန်ဖို့ ဆန္ဒရှိနေတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

ပီရိုလာဟာ အင်တာမီလန်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ဆလာနီတာနာအသင်းကနေ အိုလံပီယာကော့စ်ကို ပြောင်းရွှေ့ခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီနောက်ခံလူဟာ အခုရာသီမှာ အေစီမီလန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပြီး MilanNews.it ကို အခုလို ပြောပြခဲ့ပါတယ်။ "လူတိုင်းမှာ ကိုယ်စီ လျှောက်လှမ်းရမယ့် လမ်းကြောင်းတွေ ရှိကြပါတယ်။"

"အခု အိုလံပီယာကော့စ်မှာ ဒီလိုလမ်းကြောင်းအတိုင်း ဖြတ်သန်းနေရတာကို ကျွန်တော် ပျော်ပါတယ်။ တစ်နေ့နေ့မှာတော့ မီလန်၊ အင်တာ ဒါမှမဟုတ် ဂျူဗင်တပ်စ်လို အသင်းကြီးတွေမှာ ပွဲထွက်ကစားခွင့်ရမယ့် အလှည့် ကျွန်တော့်ဆီ ရောက်လာနိုင်ပါတယ်။"

"နှစ်တွေကြာလာတာနဲ့အမျှ လူတိုင်းမှာ ကိုယ်ပိုင်လမ်းကြောင်း ရှိတယ်ဆိုတာကို ကျွန်တော် သင်ယူခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ကြည့်ပြီး မှန်ကန်တဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေရမှာပါ" လို့ သူက ဆိုပါတယ်။

အေစီမီလန်ရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး ပီရိုလာက ဆက်ပြောရာမှာတော့ "ကျွန်တော်က ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ပါ။ အေစီမီလန်ကသာ ကမ်းလှမ်းလာမယ်ဆိုရင် ကျွန်တော် မပျော်ဘဲ မနေနိုင်ပါဘူး။ ငယ်ငယ်ကတည်းက အင်တာမီလန် ပရိသတ်တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဘောလုံးလောကထဲ ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲတွေ ရှိလာတတ်ပါတယ်။ ကိုယ့်အလုပ်ကိုယ် လုပ်ရမှာဖြစ်သလို အခွင့်အရေးတွေကိုလည်း အရယူရမှာပါ" လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။