The network connection is lost.

Banner Image

အလွတ်တည်ကန်ဘောဆိုင်ရာပြဿနာတွေက လူသတ်လက်နက်တစ်ခုလို ဖြစ်လာပြီလို့ ဝန်ခံလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အခုပုံစံကောင်းအတိုင်း ဆက်သွားချင်တယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ အလွတ်တည်ကန်ဘော(Set-piece)ပိုင်းဆိုင်ရာ ခံစစ်ပိုင်းမှတ်တမ်းဆိုးရွားနေမှုကို ရပ်တန့်ပစ်နိုင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ကြိုးကြာနီတွေက အမှတ်ပေးဇယားအောက်ခြေရှိ ဝုဗ်နဲ့ရင်ဆိုင်ရချိန် အလွတ်တည်ကန်ဘောမှတဆင့် ပရီးမီးယားလိဂ်ပေးဂိုး ၁၂ ဂိုးမြောက်နဲ့အတူ ၂-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

တဖက်မှာလည်း လီဗာပူးက ပယ်နယ်တီမပါဝင်ဘဲ အလွတ်တည်ကန်ဘောမှတဆင့် သုံးဂိုးသာ သွင်းယူထားနိုင်လို့ သူတို့ထက် Set-piece ပိုင်းဆိုင်ရာ ခံစစ်ပိုင်းမှတ်တမ်းပိုင်းဆိုးရွားနေတဲ့အသင်း မရှိတော့ပါဘူး။ အဲ့ဒီ အလွတ်တည်ကန်ဘောပေးဂိုးရဂိုးကွာခြားချက်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် ကြိုးကြာနီတွေရဲ့ အဆိုးဝါးဆုံးမှတ်တမ်းလည်း ဖြစ်လာပါတယ်။

ဗန်ဒိုက်က “ အချက်အလက်တွေမှာလည်း ကျွန်တော်တို့က Set-piece သွင်းဂိုးတွေ လုံလုံလောက်လောက် မရရှိသလို ပေးဂိုးတွေလည်း အများကြီးရှိခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ဒါက ကျွန်တော်တို့ကိုယ်တိုင် တိုးတက်အောင်လုပ်သွားရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံးတော့ ၇၅ ရာခိုင်နှုန်းလောက် (သို့မဟုတ်) ဒီထက်ပိုပြီးတိုးတက်လာအောင် လုပ်သွားရပါမယ်။ ဒါက လူသတ်လက်နက်တစ်ခုလိုဖြစ်လာတဲ့ Second ball တွေအကြောင်း ပြောနေတာပါ။စိတ်ပိုင်းဆိုင်ရာကိစ္စတစ်ခု ဖြစ်နေမလား? အဲ့ဒီအတိုင်းမဖြစ်စေဖို့ မျှော်လင့်မိပါတယ်။ ဒါမျိုးကို ကိုယ့်စိတ်ထဲမှာ ထည့်ထားမယ်ဆိုရင် ပြဿနာတစ်ရပ် ဖြစ်လာပါမယ်။ တစ်ဦးချင်းအရပြောရရင် ကျွန်တော့်ရဲ့စိတ်ထဲမှာ အဲ့ဒီလိုပြဿနာမျိုး မရှိနေပါဘူး”လို့ ပြောပါတယ်။

လီဗာပူးနည်းပြအန်းစလော့ကိုယ်တိုင်လည်း အခုရာသီ၊ကာလအများစုမှာ သူ့အသင်းရဲ့ Set-piece ပိုင်းဆိုင်ရာ ရုန်းကန်နေရမှုအတွက် ညည်းတွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒတ်ချ်လူမျိုးနည်းပြက ဝုဗ်နဲ့ တော့တင်ဟမ်တို့ကို ဆက်တိုက်အနိုင်ယူခဲ့တဲ့ နောက်ဆုံးပွဲစဉ်နှစ်ခုအတွင်း ထောင့်ကန်ဘောတစ်ကြိမ်မှတဆင့် ဂိုးပေးခဲ့ရပေမယ့် အနိုင်ရလဒ်ဖော်ဆောင်နိုင်မှုကြောင့် အလုံးစုံတိုးတက်မှုလက္ခဏာလို့ ရှုမြင်နေပါတယ်။

အန်းစလော့က “ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့တွေက Set-piece မှတဆင့် ဂိုးသွင်းယူဖို့ အတော်လေး ခက်ခဲပေမယ့် ပုံမှန်ဂိုးပေးနေတဲ့ တစ်ခုတည်းသောကလပ်အသင်း ဖြစ်လာနေပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပတ်၊သုံးပတ်၊ လေးပတ်လောက်က ကျွန်တော် ပြောခဲ့ဖူးတယ်ထင်ပါတယ်။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရချိန် Set-piece ပဲဖြစ်ဖြစ်၊ အခြားနည်းလမ်းပဲဖြစ်ဖြစ် ဘယ်ကိစ္စနဲ့ပဲဖြစ်ပါစေ၊ အနိုင်ရရှိမယ့်နည်းလမ်း ရှာဖွေဖို့ လိုအပ်နေဆဲပဲဆိုတာကို ကျွန်တော်ပြောခဲ့ဖူးပါတယ်။

နောက်ဆုံးပွဲစဉ်နှစ်ခုမှာတော့ ကျွန်တော်တို့အသင်းက Set-piece မှတဆင့် တစ်ဂိုးပေးလိုက်ရပေမယ့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါမျိုးကို အခုဘောလုံးရာသီမှာ မကြာခဏမတွေ့ခဲ့ရပါဘူး။ ကျွန်တော်တို့အတွက်တော့ တိုးတက်မှုပါပဲ။ ဒါပေမဲ့ တိုးတက်အောင်လုပ်ဆောင်သွားရမယ့်အရာတွေလည်း အများကြီးရှိနေပါသေးတယ်။ Set-piece ကိစ္စလည်း သေချာပေါက်ပါဝင်ပါတယ်”လို့ ပြောပါတယ်။

နောက်ဆုံးသုံးပွဲဆက်အနိုင်ရလဒ်ကြောင့် လီဗာပူးက အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ဝင်ရောက်လာပေမယ့် ဦးဆောင်သူအာဆင်နယ်နဲ့တော့ ၁၀ မှတ်အထိ ကွာဟနေဆဲဖြစ်ပါတယ်။