အလွန်ဆိုသာ အန်းစလော့ရဲ့နေရာကို အစားမဝင်ဖြစ်ခဲ့ရင် ဂျရတ်က ပထမဦးစားပေး ဖြစ်လာလိမ့်မယ်လို့ မန်ဒက်စ်ပြောကြား
တော့တင်ဟမ်နဲ့ ပေါ်တူဂီကွင်းလယ်လူဟောင်းပက်ဒရိုမန်ဒက်စ်က အန်းစလော့သာ လီဗာပူးအသင်းမှ ထွက်ခွာသွားမယ်ဆိုရင် သူ့ရဲ့နေရာကို ဘယ်သူ အစားထိုးဝင်ရောက်လာမလဲဆိုတာ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဂျီကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူးအတွက် အခုဘောလုံးရာသီ၊ ဆုဖလားမျှော်လင့်ချက် အတော်လေးနည်းပါးလာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဆုကာကွယ်ဖို့ ကြိုးစားရာမှာလည်း ရလဒ်တွေ ဆိုးရွားနေလို့ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်တောင် ရရှိနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာ ကောင်းနေပြီး လီဗာပူးအသင်းအတွက် အခြေအနေ အတော်လေးဆိုးရွားတဲ့အခိုက်အတန့်ဆီ ရောက်ရှိနေပါတယ်။
လက်ရှိမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ အာဆင်နယ်နဲ့ ၂၁ မှတ်အထိ ကွာဟနေသလို၊ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလာရပြီး ဘရိုက်တန်၊ ပီအက်စ်ဂျီတို့ကို ဆက်တိုက်ရှုံးနိမ့်မှုကြောင့် ကျန်ခဲ့တဲ့သီတင်းပတ်တွေအတွင်း အသင်းရဲ့ခြေစွမ်းပိုင်း ပြန်လည်ကောင်းမွန်လာမယ့် အရိပ်အယောင် လုံး၀မတွေ့ရသေးပါဘူး။
Thunderpick နဲ့ စကားပြောဆိုရာမှာတော့ မန်ဒက်စ်က အန်းစလော့အပေါ် ဖိအားတွေ များနေချိန် သူ့နေရာမှာ ဘယ်သူအစားဝင်လာနိုင်မလဲဆိုတာကို အခုလိုပဲ ထုတ်ဖော်ပြောပြခဲ့ပါတယ်။
"ဒီနွေရာသီမှာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကြားထဲမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ရိုးရိုးသားသားပဲ မြင်ပါတယ်။ ဥပမာအားဖြင့် အန်းစလော့သာ လီဗာပူးမှထွက်ခွာသွားမယ်ဆိုရင် အစားထိုးမယ့်သူက အလွန်ဆို သို့မဟုတ် ဂျရတ်တို့နှစ်ဦးအနက် တစ်ဦးဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"
"အလွန်ဆိုက ပထမဦးစားပေးဖြစ်လာဖို့ များပေမဲ့၊ သူသာ မရောက်လာဖြစ်ရင် ဂျရတ်အကြောင်းကို ပြောလာကြပါလိမ့်မယ်။ ဂျရတ်က ရိန်းဂျားစ်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ဖူးသလို၊ လီဗာပူးနဲ့အတူ ချန်ပီယံဆုရယူနိုင်ဖို့ထက် သူ့အတွက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့အရာ ဘာမှမရှိပါဘူး" လို့ ဆိုပါတယ်။
အခုသီတင်းပတ်ကုန်ပိုင်းမှာတော့ လီဗာပူးက ဖူလ်ဟမ်နဲ့ ရင်ဆိုင်ကစားရပါမယ်။ ၂၀၂၆ နှစ်သစ်ကူးကာလမှာကတည်းက တိုက်စစ်ပိုင်းအားနည်းနေတဲ့ လီဗာပူးအတွက် အီဆက်ခ် ပြန်ပါလာဖို့ရှိပေမဲ့ ပရိသတ်တွေကတော့ အသင်းအခြေအနေ ပြန်ကောင်းလာဖို့ သိပ်ပြီးမမျှော်လင့်ထားကြပါဘူး။