လီဗာပူးလ်ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ခက်ခဲလွန်းတဲ့ အခိုက်အတန့်လို့ ဝန်ခံလိုက်တဲ့ ဗန်ဒိုက်
မန်စီးတီးရဲ့ကွင်းမှာ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကို ရှုံးနိမ့်ပြီးနောက် အသင်းအတွက် လိုက်ပါအားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ဝန်ခံပြောကြားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ လီဗာပူးက မိုဆာလက်ရဲ့ပယ်နယ်တီလွဲချော်မှုနဲ့အတူ မန်စီးတီးကို ၄-၀ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
"တကယ်ကို ခက်ခဲပါတယ်၊ လက်ခံဖို့လည်း အရမ်းခက်သလို ကွင်းထဲမှာ ကစားနေရတာလည်း အရမ်းပင်ပန်းပါတယ်။ တကယ့်ကို ဆိုးရွားတဲ့နေ့ရက်တစ်ခုဖြစ်ခဲ့ပြီး ပရိသတ်တွေအတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဗန်ဒိုက်က ပွဲအပြီးမှာ ပြောပါတယ်။
"တာဝန်ရှိမှုအားလုံးက ကျွန်တော်တို့ဆီမှာပဲ ရှိပါတယ်။ ကွင်းထဲမှာ ခြေစွမ်းမပြနိုင်ခဲ့သူတွေက ကျွန်တော်တို့ကိုယ်တိုင်ပါ။ အခြေအနေတွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဘယ်လောက်ပဲခက်ခဲပါစေ၊ ကျွန်တော်တို့ စည်းလုံးညီညွတ်စွာ ကျော်ဖြတ်ရပါမယ်။ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလာရတယ်ဆိုတာ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပင်နယ်တီမတိုင်ခင်အထိ အားလုံး အဆင်ပြေနေခဲ့လို့ပါ" လို့ သူက ဆိုပါတယ်။
ပွဲမပြီးဆုံးခင် ပရိသတ်တွေ ကွင်းတွင်းမှထွက်ခွာသွားကြမှုနဲ့ပတ်သက်လို့ ဗန်ဒိုက်က "ကျွန်တော် ဒါကို နားလည်ပေးနိုင်ပါတယ်။ ကျွန်တော်တို့လိုပဲ ပရိသတ်တွေလည်း အတက်အကျတွေကို အများကြီး ကြုံတွေ့ခဲ့ကြရတာပါ" လို့ ထပ်လောင်းပြောခဲ့ပါတယ်။
"သူတို့ကို ပွဲပြီးတဲ့အထိ ရှိနေစေချင်တာ မှန်ပေမဲ့ လေးဂိုးပြတ်နဲ့ ရှုံးနေပြီး ကျွန်တော်တို့ရဲ့ဒုတိယပိုင်းကစားပုံကြောင့် သူတို့ ဒေါသထွက်နေမယ်ဆိုတာကို နားလည်ပါတယ်။ လီဗာပူးလ်မှာ ကျွန်တော်ရှိနေတဲ့ သက်တမ်းတစ်လျှောက် ခက်ခဲတဲ့အချိန်တွေ အများကြီးကြုံခဲ့ဖူးပြီး အခုအချိန်ကလည်း ခက်ခဲတဲ့အချိန်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။