အပြောင်းအရွှေ့သတင်းအမှားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ဟားလ်စီးတီးအသင်းပိုင်ရှင်ပြောကြား
ဟားလ်စီးတီးအသင်းပိုင်ရှင်အီလီကာလီက အသင်းရဲ့ကမ်းလှမ်းမှုအပေါ် ပစ်မှတ်ကစားသမားတွေကိုယ်တိုင် ငြင်းပယ်လိုက်တယ်ဆိုတဲ့ သတင်းအမှားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်လို့ ပြောပါတယ်။ သူက အခုလိုသတင်းအမှားတွေနဲ့ပတ်သက်ပြီး အခြေအနေမှန်ကို ထူးထူးခြားခြား ရှင်းပြလာပါတယ်။
ဟားစီးတီးအသင်းက မေလ၊ ချန်ပီယံရှစ်တန်းတက်ပလေးအော့ဖ်ဗိုလ်လုပွဲမှာ အောင်ပွဲရရှိပြီးနောက် ကိုးနှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။
သူတို့တွေက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ရိန်းဂျားစ်ဂိုးသမား ဂျက်ဘတ်လန်း၊ မာရီဘောကွင်းလယ်လူဇမ်ဘရာနိုနဲ့ နယူးကာဆယ်မှထွက်ခွာလာတဲ့ နောက်ခံလူမတ်တားဂတ်တို့ကို ခေါ်ယူထားပါတယ်။
လူမှုကွန်ရက်မှတဆင့် အီလီကာလီက "နေရာအတော်များများမှာ မမှန်ကန်တဲ့ အပြောင်းအရွှေ့သတင်းတွေ အများကြီးဖတ်နေရပါတယ်။ ကျွန်တော်တို့ကို ကစားသမားတွေကိုယ်တိုင် ငြင်းပယ်တယ်ဆိုတဲ့ သတင်းတွေနဲ့အတူ လူတွေရဲ့အာရုံစိုက်မှုရရှိဖို့အတွက် အသင်းရဲ့နာမည် အသုံးချနေပါတယ်။ဒါတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်" လို့ ရေးသားခဲ့ပါတယ်။
"လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ကျွန်တော်တို့တွေ သေသေချာချာ ကြိုးစားလုပ်နေခဲ့ပါတယ်။ အားလုံးဂုဏ်ယူရမယ့်အသင်းတစ်ခုအဖြစ် တည်ဆောက်နိုင်မယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။
အခုကိစ္စအတွက် ဘယ်သတင်းတွေကို ရည်ညွှန်းတယ်ဆိုတာ အီလီကာလီက အတိအကျမပြောပေမဲ့ "သတင်းအမှားတွေ မပြန့်ဖို့နဲ့ အချက်အလက်တွေ ပိုသိရအောင်လို့ အခုနောက်ဆုံး အပြောင်းအရွှေ့အခြေအနေလေးတွေကို အရိပ်အမြွက် ပြောပြပေးလိုက်ပါတယ်" လို့ ထပ်မံရေးသားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူက ကစားသမားသစ်တွေဖြစ်တဲ့ ဘတ်လန်း၊ ဇမ်ဘရာနို၊ တားဂတ်တို့ရဲ့နာမည်ဘေးမှာ အမှန်ခြစ်လေးတွေလုပ်ပြီး နံပါတ်စဉ်နဲ့ ပြပေးခဲ့ပါတယ်။
ဟားလ်စီးတီးနည်းပြဆာဂေးဂျာကီရိုဗစ်ကလည်း အိုလံပီယာကို့စ်ဂိုးသမားဇိုလာကစ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ အခုလအစောပိုင်းမှာ ပြောထားပါသေးတယ်။
အီလီကာလီက အသင်းရဲ့ငွေရေးကြေးရေးအခြေအနေ တောင့်တင်းဖို့နဲ့ အပြောင်းအရွှေ့တွေ ချောချောမွေ့မွေ့ပြုလုပ်နိုင်ဖို့အတွက် ပေါင် ၅၅ သန်း ချေးယူထားတယ်လို့ မကြာသေးခင်ကပဲ ပြောခဲ့ပါတယ်။