လာမယ့်ဘောလုံးရာသီမှာ အီဆက်ခ် အောင်မြင်လာလိမ့်မယ်လို့ လီဗာပူးဂန္ထဝင် အီယန်ရပ်ရှ်ယုံကြည်နေ
လီဗာပူးဂန္ထဝင်ကစားသမားကြီးအီယန်ရပ်ရှ်က အီဆက်ခ်ရဲ့စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အများကြီးယုံကြည်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။
အီဆက်ခ်က ခရစ္စမတ်မတိုင်ခင်ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာအခြေအနေမှ ပြန်လည်သက်သာလာပါပြီ။
talkSPORT နဲ့တွေ့ဆုံချိန် အီယန်ရပ်ရှ်က "ကျွန်တော့်အမြင်အရတော့ နောက်ရာသီကျရင် အီဆက်ခ် ပိုပြီးအဆင်သင့်ဖြစ်နေလိမ့်မယ်။ ဘာလို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း ရာသီကြိုပြင်ဆင်မှုတွေကို လွဲချော်ခဲ့မယ်ဆိုရင် တခြားသူတွေကို အမီလိုက်နိုင်ဖို့ အမြဲတမ်းအချိန်ပေးပြီး ရုန်းကန်နေရတတ်ပါတယ်" လို့ ဆိုပါတယ်။
"ဒါကြောင့် သူပြန်လာနိုင်တာကို ကျွန်တော်ဝမ်းသာပါတယ်။ သူက ကျွန်တော်တို့အသင်းမှာ တကယ့်ကို လိုအပ်နေတဲ့ နံပါတ် ၉ (တိုက်စစ်မှူးစစ်စစ်) တစ်ဦးပါ။ အရင်က ကျွန်တော်တို့မှာ တိုက်စစ်မှူးစစ်စစ် မရှိခဲ့ဘူး။ အီဆက်ခ်က တိုက်စစ်မှူးစစ်စစ်တစ်ဦးဖြစ်လို့ သူ့လိုကစားသမားမျိုးကို ကျွန်တော်တို့ လိုအပ်နေခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် လီဗာပူးအသင်းရဲ့လက်ရှိရာသီအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အီယန်ရပ်ရှ်က အခုလိုပဲ သုံးသပ်ခဲ့ပါတယ်။
"ဒီရာသီကတော့ အတက်အကျတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့ အားလုံးကို အံ့ဩသွားအောင်လုပ်နိုင်ခဲ့ပြီး လီဂ်ချန်ပီယံ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ချန်ပီယံဖြစ်ခဲ့တဲ့ ကျွန်တော်တို့ကို အနိုင်ယူဖို့ အသင်းတိုင်းက ပိုပြီးကြိုးစားလာကြပါတယ်။ ဒဏ်ရာပြဿနာတွေကြောင့်လည်း ရလဒ်တွေက ပုံမှန်မဟုတ်ဘဲ ဖြစ်နေရတာပါ။ ဒါပေမဲ့လည်း ဆက်ပြီး ကြိုးစားစရာတွေ အများကြီး ရှိပါသေးတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။