The network connection is lost.

Banner Image

လက်ကျန်လိဂ်ပွဲစဉ်ငါးခုလုံးကို အနိုင်ယူမယ်လို့ ကြွေးကြော်လိုက်တဲ့ ဒီဇာဘီ

တော့တင်ဟမ်နည်းပြဒီဇာဘီက သူ့ရဲ့အသင်းဟာ ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရိုက်တန်နဲ့ အိမ်ကွင်းမှာ နှစ်ဂိုးစီသရေကျမှုကြောင့် တော့တင်ဟမ်အတွက် ၂၀၂၆ ခုနှစ်အတွင်း ပရီးမီးယားလိဂ်နိုင်ပွဲရဖို့ ဆက်လက်စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

"ကျွန်တော်တို့မှာ နောက်ထပ် ၅ ပွဲ ကစားဖို့ ရှိသေးတယ်၊ ရနိုင်တဲ့ရမှတ် ၁၅ မှတ် ရှိသေးတယ်၊ ဒီအသင်းက ၅ ပွဲဆက်တိုက် အနိုင်ယူနိုင်စွမ်း ရှိပါတယ်" လို့ ပွဲအပြီးမှာ ဒီဇာဘီက ပြောပါတယ်။

"အခုချိန်မှာ ကျွန်တော့်စကားကို ယုံရခက်နေနိုင်ပေမဲ့ ကစားသမားတွေကို ကြည့်မယ်၊ သူတို့ရဲ့အရည်အသွေးကို ဆန်းစစ်ကြည့်မယ်ဆိုရင် ၅ ပွဲဆက်တိုက် အနိုင်ရနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်က မာနကြီးလွန်းလို့ ပြောနေတာ မဟုတ်ပါဘူး၊ အထူးသဖြင့် အခုလိုအချိန်မှာပေါ့၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ တိုက်ပွဲဝင်ပြီး ပွဲစဉ်တွေကို ဆက်တိုက်အနိုင်ယူနိုင်တဲ့ အရည်အချင်းတွေ ရှိနေပါတယ်" လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္လာနေ့ လေ့ကျင့်ရေးဆင်းတဲ့အခါမှာ ကစားသမားတွေရဲ့ မျက်နှာမှာ အပြုံးတွေကိုသာ မြင်တွေ့ချင်ပြီး အဲ့ဒီလိုမဟုတ်ရင်တော့ လေ့ကျင့်ရေးကွင်းဆီ လာစရာမလိုဘူးလို့လည်း ဒီဇာဘီက ဆိုပါတယ်။

"သူတို့တွေ အများကြီးတွေးမနေဘဲ ကျွန်တော့်နောက်ကိုပဲ လိုက်ခဲ့ရမယ်၊ ကျွန်တော့်စကားကို နားထောင်ရမယ်။ ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပေါ် ကျွန်တော် ဂုဏ်ယူပါတယ်။ သူတို့တွေ ပိုပြီးသန်မာဖို့ လိုသလို နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်ရမယ်၊ တနင်္လာနေ့မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ လာရမယ်၊ မဟုတ်ရင်တော့ ချက်ချင်းပြန်ခိုင်းလိုက်ပါမယ်" လို့ သူက ပြောပါတယ်။

ဆက်လက်ပြီး "အပျက်သဘောဆောင်တဲ့သူတွေ၊ ဝမ်းနည်းနေတဲ့ ကစားသမားတွေ ဒါမှမဟုတ် လက်ထောက်နည်းပြတွေကို ကြည့်ဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး။ ကျွန်တော်တို့က ကလပ်အသင်းကြီး၊ ကွင်းကြီးမှာ အလုပ်လုပ်နေရတာဖြစ်သလို ပရီးမီးယားလိဂ်မှာလည်း ကစားနေရလို့ ကံကောင်းကြပါတယ်။ ကျွန်တော်တို့မှာ ပွဲကိုနိုင်အောင် ကစားနိုင်တဲ့ အရည်အချင်းကောင်းတွေ ရှိတယ်၊ ဒါကြောင့် အကောင်းမြင်စိတ် ရှိရမယ်။ ငိုညည်းနေတဲ့သူတွေ၊ အဆိုးမြင်တတ်တဲ့သူတွေကို ကျွန်တော် သဘောမကျဘူး" လို့ ဒီဇာဘီက ပြောကြားခဲ့ပါတယ်။