
အသင်းဖော်နဲ့ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားလာတဲ့ အက်ကီတီကီ
လီဗာပူးအသင်းတိုက်စစ်မှူး အက်ကီတီကီက အသင်းဖော် ဆာလက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးအခြေအနေရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဖရန့်ဖတ်စတားဟောင်းဟာ အခုနွေရာသီတုန်းက လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့ပြီး အဆိုပါအပြောင်းအရွှေ့အပြီးမှာ ဂုဏ်ယူခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။ အက်ကီဟာ လက်ရှိလီဗာပူးအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ဂိုးတွေသွင်းယူထားနိုင်ပါတယ်။ ဂျာမန်မြေကနေ အင်္ဂလန်မြေကိုပြောင်းရွှေ့လာခဲ့ပေမယ့် အက်တီတစ်ယောက် အထိုင်ကျဖို့ အချိန်မယူလိုက်ရတာဖြစ်ပါတယ်။
လက်ရှိလီဗာပူးအသင်းနဲ့အတူ ၅ ပွဲမှာ ၃ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ အက်ကီရဲ့ခြေစွမ်းကို လီဗာပူးပရိသတ်တွေက အံ့အားသင့်နေပါတယ်။ အီဆက်ကိုခေါ်ယူထားခဲ့ပေမယ့်လည်း အက်ကီက အီဆက်ထက်ပိုပြီးခြေစွမ်းပြသနေတာဖြစ်ပါတယ်။ အခုချိန်မှာလည်း အသင်းဖော် ဆာလက်နဲ့ဆက်ဆံရေးအခြေအနေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဘီဘီစီနဲ့အင်တာဗျူးမှာ ပြင်သစ်သားက “ကျွန်တော်ပထမဆုံးခံစားချက်က ဂုဏ်ယူရာပါ။ ဘယ်ကနေလာရမလဲဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ကျွန်တော်က ဘောလုံးကို အခိုက်အတန့်တွေလောက်ပဲသိတာပါ။ ခင်ဗျားအနေနဲ့ ထိပ်တန်းအဆင့်ဖြစ်နိုင်သလို အောက်ဆုံးအဆင့်လည်းဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်စိတ်ကို အမြဲတမ်းအသင့်ပြင်ထားသလို အလုပ်ကြိုးစားကာ ကျွန်တော့်ကိုယ်ကျွန်တော် သက်သေပြနိုင်ဖို့ အသင်းအောင်မြင်အောင် ကျွန်တော်လုပ်ဆောင်ပေးချင်ပါတယ်။
ကစားသမားကောင်းတစ်ယောက်ဖြစ်လာတာက ကျွန်တော့်ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းပါ။ ကျွန်တော့်ဘဝအစက ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ရုန်းကန်ခဲ့ရတာများပါတယ်။
ပြင်သစ်ကိုသွားပြီးကတည်းက ကျွန်တော်ခြားနားလာပါတယ်။ ကျွန်တော် ကစားသမားတစ်ဦးအနေနဲ့ကော လူသားတစ်ဦးအနေနဲ့ပါ ပိုကောင်းလာပါတယ်။ ကျွန်တော်အများကြီးပြောင်းလဲလာခဲ့ပါတယ်။
မိုက တကယ်ကောင်းတဲ့ကစားသမားပါ။ သူက ကျွန်တော်နဲ့စကားပြောဖြစ်သလို ရင်းနှီးမှုလည်းရှိလာပါပြီ။ သူနဲ့အတူတွဲကစားရတာ ကောင်းပါတယ်။ သူဂိုးတွေသွင်းချိန်မှာ ကျွန်တော် သူ့ကိုတီဗွီကနေပဲကြည့်ခဲ့ရတာပါ။ ခင်ဗျားတိုးတက်ချင်တယ်ဆိုရင် သူ့ဆီကနေ သင်ယူလို့ရပါတယ်။ ကွင်းထဲမှာလည်း သူကမျှဝေသလို ကျွန်တော်တို့ ဂိုးတွေအများကြီးသွင်းယူပြီး အသင်းကိုကူညီပေးချင်ပါတယ်။ သူက အရမ်းအေးတဲ့ကစားသမားပါ။
တီဗွီမှာမြင်ရတုန်းကထက်တောင် အေးဆေးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား သူ့မျက်နှာကိုတစ်ချို့အချိန်တွေမှာ ကြည့်လိုက်မယ်ဆိုရင် သူကစကားပြောချင်စိတ်မရှိတဲ့သူလို့တောင် ထင်ရပါတယ်။ သူက တကယ်ပွင့်လင်းသလို ကျွန်တော့်ကိုလည်းအသင်းမှာအထိုင်ကျစေခဲ့ပါတယ်”လို့ အက်ကီက ဖြေကြားခဲ့ပါတယ်။ အက်ကီဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးအသင်းလူစာရင်းမှာမပါဝင်ခဲ့တာကြောင့် အခုရာသီမှာတော့ အသင်းနဲ့အတူ ချန်ပီယံဆုကိုကာကွယ်ရမှာဖြစ်ပါတယ်။