လီဗာပူးအသင်းမှထွက်ခွာဖို့ ဗန်ဒိုက်ပြင်ဆင်နေပြီလို့ ယုံကြည်နေတဲ့ ကာရေဂါ
လီဗာပူးအသင်းရဲ့ဂန္ထဝင်ကစားသမားကာရေဂါက အသင်းမှထွက်ခွာဖို့အတွက် ဗန်ဒိုက်ပြင်ဆင်နေမှုကို မြင်တွေ့နေရပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အဲဗာတန်နဲ့ပွဲစဉ်မှာ ဗန်ဒိုက်က လီဗာပူးအတွက် အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
Sky Sports ရဲ့ဆွေးနွေးခန်းအစီအစဉ်မှာ ကာရေဂါက "မနေ့ညပိုင်း၊ ချဲလ်ဆီးရဲ့ရလဒ်ကို ကြည့်မယ်ဆိုရင် လီဗာပူးအတွက် ဒီနိုင်ပွဲက တကယ်ကို အရေးကြီးပါတယ်။ နာကျင်အချိန်ပို ၁၁ မိနစ်အထိ ပေးလိုက်ချိန်မှာ လီဗာပူးရဲ့အခြေအနေအရ သရေတစ်မှတ်ရရင်တောင် ကျွန်တော်ကတော့ လက်ခံပေးလိုက်ပါမယ်။ ဂိုးသမားအခြေအနေအပြင် အဲဗာတန်ရဲ့ ပိုပြီး ခြိမ်းခြောက်လာနိုင်မှုတွေကြောင့် ပွဲပြီးခါနီး၊ လီဗာပူးအသင်း အားနည်းသွားသလို ဖြစ်ခဲ့ပြီး Set-piece (ပြစ်ဒဏ်ဘော)တွေမှတဆင့် ဂိုးပေးလိုက်ရမယ့်ကိစ္စကိုလည်း ကျွန်တော် တကယ် စိုးရိမ်ခဲ့ပါတယ်"
"လီဗာပူး ဒီပွဲကို ဘယ်လိုနိုင်သွားလဲဆိုတာ ကြည့်လိုက်ရင် အသင်းရဲ့အကောင်းဆုံးဂန္ထဝင်ကစားသမားကြီးနှစ်ဦးကြောင့်ဆိုတာ တွေ့ရပါလိမ့်မယ်။ သူတို့တွေ ဒီမှာ ကြာကြာ ရှိနေတော့မှာ မဟုတ်ပါဘူး။ မိုဆာလက်နဲ့ ဗန်ဒိုက်တို့က နောက်ထပ် ၁၂ လလောက်ပဲ အသင်းမှာ ရှိနေပါတော့။ သူတို့နှစ်ဦးလုံးက တကယ့်ကို ထူးချွန်တဲ့ ကစားသမားတွေပါ။ မိုဆာလက်ဆိုရင်လည်း ထုံးစံအတိုင်း လီဗာပူးရဲ့အကြီးမားဆုံးပြိုင်ဘက်တွေနဲ့ပွဲမှာ ခြေစွမ်းပြသွားပြန်ပါပြီ။ အဲဗာတန်ပဲဖြစ်ဖြစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ပဲဖြစ်ဖြစ် သူ့ကို အမြဲတမ်းအားကိုးလို့ ရပါတယ်" လို့ ၎င်းက ဆိုပါတယ်။