ကာလီမွန်ဒိုအတွက် အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေးကို လက်လွှတ်သွားဖွယ်ရှိတဲ့ ဖရန့်ဖတ်
ကာလီမွန်ဒိုအတွက် အပြီးသတ်ဝယ်ယူခွင့်ကို ဖရန့်ဖတ်အသင်း အသုံးပြုဖွယ်မရှိလို့ နော်တင်ဟမ်ဖောရက်စ်အသင်းတာဝန်ရှိသူတွေ ဝမ်းသာအားရနေပါလိမ့်မယ်။
ဖရန့်ဖတ်က ဒီတိုက်စစ်မှူးကို ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း နော်တင်ဟမ်ဖောရက်စ်ဆီမှ အပြီးသတ်ဝယ်ယူခွင့်အပါအဝင် အငှားအပြောင်းအရွှေ့ဖြင့် ခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့လည်း ဂျာမနီသတင်းစာ BILD ရဲ့ ဖော်ပြချက်အရ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်းကို ဖရန်ဖတ်အသင်းစီမံခန့်ခွဲသူတွေက အရမ်းများပြားတဲ့ငွေကြေးပမာဏအဖြစ် ယူဆနေတယ်လို့ သိရပါတယ်။
ကာလီမွန်ဒိုက ဖရန့်ဖတ်ဆီရောက်ရှိလာပြီးနောက်ပိုင်း ခြေစွမ်းပြသနေပြီး ဘွန်ဒက်စ်လီဂါကလပ်အသင်းအတွက် ၁၁ ပွဲ ပွဲထွက်ကစားရာမှာ ငါးဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
တကယ်လို့ ဘောလုံးရေးရာ အခြေအနေတစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင် ဘွန်ဒက်စ်လီဂါကလပ်ဖရန့်ဖတ်က သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိပေမဲ့ လက်ရှိတောင်းဆိုထားတဲ့ ဈေးနှုန်းနဲ့တော့ အပေးအယူလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
နော်တင်ဟမ်ဖောရက်စ်အသင်းဘက်ကတော့ ကာလီမွန်ဒို ပြန်လာမယ့်ကိစ္စကို ကြိုဆိုနေကြပြီး အငှားကစားသမားတွေရဲ့ အခြေအနေကို တာဝန်ယူရတဲ့ မန်နေဂျာဖြစ်သူ အိုဝင်ကွိုင်းလီဂျူနီယာက "သူ အဲဒီမှာ ခြေစွမ်းပြနေတယ်၊ ဂိုးတွေလည်း သွင်းနေတယ်၊ ဒါပေမဲ့ သူက ဖောရက်စ်အသင်းနဲ့ ပတ်သက်ရင် အမြဲတမ်းအကောင်းမြင်စိတ်ရှိနေဆဲပါပဲ"
"သူက တခြားကစားသမားတွေနဲ့လည်း ပုံမှန်စကားပြောဖြစ်သလို အသင်းရဲ့ပွဲစဉ်တွေကိုလည်း ပြန်လာကြည့်တတ်ပါတယ်"
"သူက ဖောရက်စ်အသင်းအပေါ်မှာ တော်တော်လေး စိတ်နှစ်ထားတာပါ၊ သူ နွေရာသီမှာ အသင်းဆီ ပြန်လာဖို့ရှိဖြစ်ပြီး အသင်းရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ဘယ်လိုနေရာမှ ပါဝင်လာမလဲဆိုတာကို ကျွန်တော်တို့ ဆက်စောင့်ကြည့်သွားရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။