အခွင့်အရေးကောင်းလွဲချော်မှုတွေအတွက် မချိတင်ကဲနောင်တရနေတဲ့ ပက်ဂွါဒီယိုလာ
ဆန်းဒါးလန်းနဲ့ ဂိုးမရှိသရေကျမှုမှာ အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်နဲ့အမှတ်ကွာဟမှုလျှော့ချနိုင်မယ့် အခွင့်အရေးကို လွဲချော်သွားပြီးနောက် မန်စီးတီးနည်းပြပက်ဂွါဒီယိုလာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ အလင်းရောင်ကွင်းကြီးမှာကစားခဲ့တဲ့ အခုပွဲစဉ်အတွင်း ပက်ဂွါဒီယိုလာရဲ့အသင်းက ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် မာကျောကျစ်လစ်လှတဲ့ ဆန်းဒါးလန်းခံစစ်ကိုတော့ မဖြိုခွဲနိုင်ခဲ့ပါဘူး။
အခုပွဲစဉ်ကို မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၁၄ ကြိမ်၊ ဂိုးပေါက်တည့်ကန်ချက် လေးကြိမ်နဲ့ အခွင့်အရေးကောင်းဖန်တီးနိုင်မှု ငါးကြိမ်အထိပြုလုပ်ပြီး အဆုံးသတ်ခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားကိုယ်တိုင်လည်း ပွဲချိန်ခြောက်မိနစ်မှာတင် အဖွင့်ဂိုးသွင်းယူနိုင်ပြီလို့ ထင်မှတ်ခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်ပြန်လည်ကြည့်ရှုမှုအရ လူကျွံနေလို့ သွင်းဂိုးတော့ မရရှိခဲ့ပါဘူး။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ပက်ဂွါဒီယိုလာက “ ကောင်းပါတယ်၊ တစ်မှတ်တော့ ရခဲ့တာပေါ့။ ကျွန်တော်တို့အသင်းရဲ့ဒုတိယပိုင်းကစားပုံဆိုရင် အလွန်ကောင်းပါတယ်။ အခွင့်အရေးကောင်းတွေနဲ့ ကျွန်တော်တို့ လွဲချော်ခဲ့ပါတယ်။ ခြောက်ကိုက်စည်းထဲမှာ ကျွန်တော်တို့အသင်း ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။
ခြောက်ကိုက်စည်းထဲမှာ ဂိုးသမား(သို့မဟုတ်)ပြိုင်ဘက်ကစားသမားနဲ့ ထိပ်တိုက်တွေ့ပြီး ဂိုးမသွင်းယူနိုင်တဲ့ အခိုက်အတန့် ဘယ်လောက်အထိရှိခဲ့ပါသလဲ။ အမှန်ပါပဲ၊ ဆန်းဒါးလန်းရဲ့ခြိမ်းခြောက်မှုတွေလည်း အရမ်းကောင်းခဲ့ပါတယ်။ ဒုတိယပိုင်းစွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အမှန်တကယ်ကျေနပ်အားရမိပါတယ်။
ဒီလိုကွင်းကြီးထဲမှာ အခုလိုပြိုင်ဘက်မျိုးနဲ့ရင်ဆိုင်ရချိန် အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းပွဲချိန်တွေမှာပေါ့။ ပထမပိုင်းမှာ ဆန်းဒါးလန်းရဲ့ဖိအားပေးမှုကြောင့် ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် ရိုဒရီဝင်ရောက်လာပြီးနောက် အသက်ရှုချောင်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်းကစားပုံ အများကြီးပိုကောင်းလာပါတယ်။ ဆန်းဒါးလန်းအသင်းရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက အရမ်းကောင်းပါတယ်။ သူတို့ကအင်အားတောင့်တင်းလွန်းလို့ ဒီရလဒ်ပိုင်းအတွက် အံ့အားသင့်စရာမရှိပါဘူး။ ကျွန်တော်တို့ တစ်မှတ်တော့ ရယူနိုင်ခဲ့ပါတယ်။ ဒါက ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။ ရလဒ်ကိုတော့ အမြဲတမ်းလက်ခံပေးရပါမယ်”လို့ ပြောပါတယ်။