ပေါင် ၆၅ သန်းတန်ကြယ်ပွင့်ကိုခေါ်ယူဖို့ နီးစပ်နေပေမယ့် တိုက်စစ်ပိုင်းခြိမ်းခြောက်မှုနှစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ မန်စီးတီး
မန်စီးတီးက အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အလွန်ရေပန်းစားနေပြီး ဒီပြိုင်ပွဲမှာ အနိုင်ရရှိဖို့အတွက် ဇန်နဝါရီလအတွင်း ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်လိုနေပါတယ်။ ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း အနည်းဆုံးတိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုတစ်ခု ပြုလုပ်လိုပြီး ဘုန်းမောက်ကြယ်ပွင့်ဆီမန်ညိုဖြစ်လာဖို့ အတော်လေးနီးစပ်နေပါတယ်။
ဆီမန်ညိုကိုခေါ်ယူဖို့ မန်စီးတီးအသင်း အလွန်ရေပန်းစားနေပြီး ဇန်နဝါရီဈေးကွက်အစောပိုင်းကာလမှာတင် ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးပေါင် ၆၅ သန်းကို အသုံးပြုသွားဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆီမန်ညိုရောက်ရှိလာမှုကြောင့် လက်ရှိအသင်းလူစာရင်းမှ ကစားသမားတစ်ဦး(သို့)နှစ်ဦးလောက် ထွက်ခွာသွားနိုင်ပါတယ်။
သတင်းတွေအရ တော့တင်ဟမ်က မန်စီးတီးအပယ်ခံအိုမာမာမွတ်ရှ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ၂၀၂၅ ခုနှစ်အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် အီဂျစ်အသင်းနဲ့အတူရှိနေတဲ့ အသက်-၂၆ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်ပွဲထွက်ခွင့်နှစ်ကြိမ်သာ ရရှိထားပြီး မြောက်လန်ဒန်အရပ်မှာ သူ့ရဲ့ကစားသမားဘဝကို ဆက်လက်တည်ဆောက်သွားဖို့ စဉ်းစားလာဖွယ်ရှိပါတယ်။
ဒါပေမဲ့ မန်စီးတီးကတော့ ရာသီလယ်ကာလမှာ အိုမာမာမွတ်ရှ်ကို လက်လွှတ်သွားဖို့ အစီအစဉ်မရှိဘဲ နွေရာသီကာလအတွက်သာ သဘောတူညီမှုရယူသွားရန် အလားအလာပိုများနေပါတယ်။ လာမယ့်လအတွင်း မန်စီးတီးမှထွက်ခွာဖို့ အလားအလာအရှိဆုံးကစားသမားကတော့ အော်စကာဘော့ဘ် ဖြစ်ပါတယ်။ သူက အခုဘောလုံးရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ကစားသမားလည်း ဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားအတွက် အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရှိထားပြီး အော်စကာဘော့ဘ်ကို ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့လို ပြည်တွင်းပြိုင်ဘက်တွေအပြင် ဒေါ့မွန်နဲ့ ဆီဗီလာတို့လို ရေခြားမြေခြားကလပ်အသင်းတွေပါ စိတ်ဝင်စားနေကြပါတယ်။
လက်ရှိမန်စီးတီးအသင်းလူစာရင်းမှာဆက်ရှိနေဖို့ သေချာနေသူနှစ်ဦးကတော့ ဒိုကူနဲ့ ဆာဗင်ဟိုတို့ပဲ ဖြစ်ပါတယ်။ ဒီကစားသမားနှစ်ဦးက ပက်ဂွါဒီယိုလာရဲ့ယုံကြည်မှုကို ရရှိထားပြီး ဆီမန်ညိုရောက်ရှိလာမယ်ဆိုရင်တောင် သူတို့နှစ်ဦးလုံးရဲ့ပွဲကစားချိန်တွေ မလျှော့ကျသွားနိုင်ပါဘူး။ ဂါနာလက်ရွေးစင်ကစားသမားက အိုမာမာမွတ်ရှ်ရဲ့နေရာကို တိုက်ရိုက်အစားထိုးမယ်လို့ မျှော်လင့်ရပြီး No.10 Role အတွက် အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။